ဒေသခံပြည်သူတွေရဲ့ နေထိုင်မှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို အဆိပ်ခတ်ပေးနေတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တု(Rare Earth) တူးဖော်မှု
အထူးဆောင်းပါး။ 17 January 2022 – Kachinwaves
English Version Link Mekong Eye
ကချင်ပြည်နယ်တွင် ထွက်ရှိသော မြေရှားသတ္တု (Rare Earth)ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည့် ၅နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံထိရရှိခဲ့သည်။ ကချင်ပြည်နယ်အတွင်းက မြေရှားသတ္တု တူးဖော်ခြင်းမှ ၅နှစ်အတွင်းရရှိခဲ့သည့်ဝင်ငွေသည် ၂၀၁၉ – ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန သုံးစွဲခဲ့သောအသုံးစရိတ်၏ ရာခိုင်နှုန်းတစ်ဝက်ကျော်ရှိသည်ကို တွေ့ရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ မြန်မာတစ်နိုင်ငံလုံးအတွက် အသုံးစရိတ်သည် ကျပ်ငွေဘီလီယံ ၂၇၀၀ (၂၀၂၀ ကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ) ရှိသည်။
မြေရှားသတ္တုတူးဖော်ခြင်းသည် ဝင်ငွေကောင်းသည့် လုပ်ငန်းဖြစ်သော်လည်း ၎င်းသတ္တုတူးဖော်ခြင်းမှ အကျိုးအမြတ်ရရှိသူများမှာ အာဏာသိမ်းစစ်တပ်၊ ဒေသအာဏာပိုင်များ၊ ၄င်းတို့နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ကုမ္ပဏီများသာဖြစ်ကြသည်။ မြေရှားသတ္တုတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများကို ခံစားနေရသူများမှာ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ဖြစ်နေသည်။
သဘာဝပတ်ဝန်းကျင်အရေးလုပ်ရှားသူလည်းဖြစ်သည့် အမည်မဖော်လိုသော ဒေသခံတစ်ဦးက မြေရှားသတ္တု စည်းမဲ့ကမ်းမဲ့တူးဖော်မှုကြောင့် ဒေသရှိသဘာဝပတ်ကျင်များ ပျက်စီးလာပြီး သတ္တုတွင်းများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဒေသခံများ သောက်ရေသုံးရေအတွက် ရေခက်ခဲခြင်းပြဿနာများ၊ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများနှင့် ကြုံနေရသည်ဟု ညည်းညူနေသည်။
ဒေသခံများကြုံတွေ့နေရသည့် မြေရှားသတ္တုတွင်း၏ ဆိုးကျိုးများမှာ ရေပြဿနာတစ်ခုတည်း မဟုတ်ပဲ မြေရှားတူးဖော်ထားသည့် ဒေသတွင်းရှိ မြေဆီလွှာပေါ်တွင် စိုက်ပျိုးထားသည့် အပင်များမှာ အဆိပ်သင့်စေသည်ဆိုသည့် ပြောစကားများကြောင့် ဒေသခံများ၏ မိရိုးဖလာ အသက်မွေးဝမ်းကြောင်း ခြံထွက်သစ်သီးသီးနှံများဖြစ်သော ချဉ်စောကားသီး၊ သစ်ကြားသီးများ ရောင်းမရသည့် ပြဿနာများလည်း ဖြစ်လာသည်။ ၎င်းအခြေအနေသည် ဒေသခံများ၏ မိသားစုဝင်ငွေနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို တစ်ဖြည်းဖြည်း ထိခိုက်လာစေပြီ ဖြစ်သည်။
Justice for Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြေရှားသတ္တုတူးဖော်မှုဟာ လူမှုအသိုင်းအဝိုင်းနဲ့သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ မြန်မာစစ်တပ်ရဲ့ တရားမဝင်တဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာ SAC (စစ်ကောင်စီ) က သူ့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေ အသည်းအသန် ရှာဖွေနေတာကြောင့် အခုအခါမှာ ဒေသတွင်း လူမှုအသိုင်းအဝိုင်းတွေအတွက် အန္တရာယ်ပိုများလာနေပါတယ်။”ဟု မြေရှားသတ္တုနှင့် ပတ်သက်၍ မေးမြန်းချက်ကို email (အီးမီးလ်)မှတဆင့် ဖြေဆိုပါသည်။
Resource Trade ၏ ထုတ်ပြန်ချက်အရ ၂၀၀၁ – ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကမ္ဘာသို့တင်ပို့ခဲ့သည့် သတ္တုထုတ်ကုန်မှ ရရှိသည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံထိရှိသည်ကို တွေ့ရသည်။
- သတင်းအချက်အလက်ရှာဖွေစုဆောင်းခြင်း နည်းလမ်း။
တရုတ်နိုင်ငံ၏ အထွေထွေအခွန် စီမံခန့်ခွဲရေးဌာန General Administration of Customs People’s Republic of China (China Custom)၊ အမေရိကန်နိုင်ငံ၊ ဘူမိဗေဒလေ့လာရေးဌာန (USGS – United States Geological Survey)၊ သဘာဝသယံဇာတနှင့် ပတ်သက်ပြီး နိုင်ငံတကာကုန်သွယ်မှုကို စောင့်ကြည့်သည့် (Resource Trade)၊ သဘာဝစွမ်အင်းထုတ်လုပ်မှုအတွက် (IRENA)၊ (The International Renewable Energy Agency (IRENA) is an intergovernmental organization that supports countries in their transition to a sustainable energy future), The Harvard International Review၊ သစ်တောတွေကို စောင့်ကြည့်လေ့လာနေသည့် (Global forest Watch)၊ မြန်မာနိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်များကို ရှာဖွေလေ့လာထားသည့် စားရင်းများနှင့် ဒေသခံများအား ဆက်သွယ်စုံစမ်းထားသည့် အချက်အလက်များပေါ် အခြေခံ၍ ယခုဆောင်းပါးကို ရေးသားထားခြင်းဖြစ်သည်။ သတင်းအချက်အလက် လေ့လာရှာဖွေစုဆောင်းခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာမှ နိုဝင်ဘာလအထိ ပြုလုပ်ခဲ့ပါသည်။
- မြန်မာနိုင်ငံက မြေရှားသတ္တုတွေဘယ်လောက်ထွက်နေသလဲ။
တရုတ်နိုင်ငံ၏ အထွေထွေအခွန်စီမံခန့်ခွဲရေးဌာန (China Custom)၏ အချက်အလက်အရ ၂၀၁၇ မေလ မှ ၂၀၂၁ ဩဂုတ်လအထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် မြေရှားသတ္တုမှာ တစ်သိန်းလေးသောင်းကျော် (141628.504 Metric Ton)အထိ တင်ပို့ခဲ့သည်။ တင်ပို့ကုန်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံအထိ ရှိသည်ဟု ထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံ၊ ဘူမိဗေဒလေ့လာရေးဌာန (USGS – United States Geological Survey)၏ အချက်အလက်များအရ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ မြေရှားသတ္တုထုတ်ခဲ့သည့် ပမာဏမှာ တန်ချိန် ၃၀,၀၀၀ ရှိခဲ့သည်။ ၎င်းထုတ်လုပ်မှု ပမာဏသည် တစ်ကမ္ဘာလုံးတွင် မြေရှားထွက်ရှိသည့် မြေရှားသတ္တု၏ တတိယအများဆုံးဖြစ်သည်။ USGS ၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏မြေရှားထွက်ရှိမှု ပမာဏမှာ တန်ချိန် ၂၄၀,၀၀၀ ရှိခဲ့သည်။ ပထမအများဆုံးဖြစ်သည့် တရုတ်မှထွက်ရှိသည့်တန်ချိန်မှာ ၁၄၀,၀၀၀၊ ဒုတိယအများဆုံးဖြစ်သည့် အမေရိကန်တွင် တန်ချိန် ၃၈,၀၀၀ နှင့် တတိယအများဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် တန်ချိန် ၃၀,၀၀၀ ထွက်ရှိခဲ့ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။ မြန်မာနိုင်ငံတွင် ထွက်ရှိသည့် မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခြင်း ဖြစ်သည်။
Resource Trade ၏ စာရင်းအရ ၂၀၁၉ ခုနှစ်တွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် မြေရှားသတ္တုပမာဏကို စာရေးသူပြန်လည် တွက်ချက်ကြည့်ရာ တိုက်ခိုက်ရေးရဟတ်ယာဉ် အမျိုးအစားဖြစ်သည့် F-35 Lightning II aircraft 920 lb အစင်းရေ ၆၈၈၆၅ ထုတ်လုပ်နိုင်ပြီး လျှပ်စစ်ကားပြုလုပ်မည်ဆိုပါက ကားအစီးရေ ၅၃သန်းကို ထုတ်လုပ်သည့်နေရာမှာ အသုံးပြုနိုင်မည် ဖြစ်သည်။
တရုတ်နိုင်ငံပိုင် မြေရှားသတ္တုကုမ္ပဏီ၏ မန်နေဂျာတစ်ဦးဖြစ်သူ Yang ၏ Global Times ၌ ပြောဆိုထားချက်အရ နေ့စဉ်မြန်မာမှ တရုတ်နိုင်ငံသို့ (Ganzhou တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ်) ကုန်ကားများနှင့် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးသည့် နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပြီး နေစဉ်ဝင်နေပြီး တစ်နေ့ကို တန်ချိန် ၃,၀၀၀ – ၄,၀၀၀ အကြားမှာရှိသည်ဟု ခန့်မှန်းရကြောင်း ပြောဆိုထားသည်။
- မြေရှားသတ္တုကို ဘယ်မှာတူးဖော်နေကြသလဲ။
ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်နေသည့် ဒေသတစ်ခုမှာ အာဏာသိမ်းစစ်တပ်နှင့် ၄င်း၏ လက်အောက်ခံ တပ်ဖွဲ့လည်းဖြစ်၊ အကျိုးတူစီးပွားဖက်များလည်းဖြစ်သည့် ပန်ဝါပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များက ကြီးစိုးနေသော ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်အထူးဒေသ (၁) ဖြစ်သည်။
ဦးဇခုန်တိန့်ယိန်းသည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်သွားကာ New Democratic Army Kachin (NDAK) ကို ဖွဲ့စည်းပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူ ခဲ့သည်။ ယခင် NDAK နယ်မြေများဖြစ်သော ပန်ဝါမြို့နယ်ခွဲနှင့် ချီဖွေ၊ ဆော့လော်နှင့် ဝိုင်းမော်မြို့နယ်များ၏ အစိတ်အပိုင်းအချို့ကို ကချင်အထူးဒေသ (၁)အဖြစ် အုပ်ချုပ်ခွင့်ရ ထားသည်။
ဦးဇခုန်တိန့်ယိန်းသည် ကချင်အထူးဒေသ (၁)နယ်မြေတွင် အာဏာကိုဆက်လက် ဆုပ်ကိုင်ထားရေး၊ ဒေသတွင်း သယံဇာတူးဖော် စီးပွားရှာသည့် လုပ်ငန်းများကို လက်ဝါးကြီးအုပ်အကျိုးအမြတ်ရှာကာ ဒေသခံလူထု၏မျက်နှာကို မကြည့်ဘဲ ခေတ်အဆက်ဆက် စစ်တပ်အကြီးအကဲများဘက်မှသာ ရပ်တည်ခဲ့သူဖြစ်သည်ဟု စွပ်စွဲခံရသူဖြစ်သည်။
ဦးဇခုန်တိန့်ယိန်းနှင့် ၄င်း၏ မိသားစုဝင်များသည် သတ္တုတူးဖော်ရေး ကုမ္ပဏီများကို ထူထောင်ထားပြီး မြေရှားသတ္တုများကို တူးဖော်ကာ တူးဖော်ရသမျှသတ္တုများကို ကချင်အထူးဒေသ (၁)နှင့် နယ်မြေချင်းထိစပ်နေသော တရုတ်နိုင်ငံဘက်သို့ တင်ပို့နေသည်ဟု အမည်မဖော်လိုသည့် ဒေသစောင့်ကြည့်လေ့လာရေးအဖွဲ့များက ဆိုသည်။
ဦးဇခုန်တိန့်ယိန်း၏ လက်နက်ကိုင်တပ်များဖြစ်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့ ရုံးစိုက်ရာ ပန်ဝါမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်၊ ကချင်ပြည်နယ်၏ အရှေ့ဘက်တွင်တည်ရှိကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်သည့် မြို့ဖြစ်သည်။
သတ္တုတူးဖော်မှုများကလည်း လက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီ၏ ဘက်တော်သား ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် တူးဖော်နေကြသည့်အတွက် ပဋိပက္ခမှ အကျိုးအမြတ်ရနေသော သယံဇာတတွင်းထွက်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ မရောက်နိုင်ရန် လိုအပ်ကြောင်း Global Witness ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးတန်း စည်းရုံးလှုံ့ဆော်သူ Hanna Hindstrom က ဆိုသည်။
မြန်မာ့သယံဇာတ တွင်းထွက်ပစ္စည်းများ ထုတ်လုပ်မှု၊ သယ်ယူမှုများ၏ ကွင်းဆက်တစ်ခုလုံးမှာ တရုတ်၏ ဝယ်လိုအားသည် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်နေကြောင်း၊ မြေရှားသတ္တုအကုန်လုံး မဟုတ်လျှင်တောင်အများစုကို တရုတ်သို့ မှောင်ခိုသွင်းပြီး စီမံဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း Hanna Hindstrom က ဆိုပါသည်။
“ပုံမှန်အားဖြင့်တော့ မြန်မာအစိုးရအနေနဲ့ ကိုယ့်ရဲ့အုပ်ချုပ်မှုနယ်မြေအတွင်းမှာ တာဝန်ယူမှုတာဝန်ခံမှုရှိပြီး ရေရှည်မှာ တည်တံ့ခိုင်မာတဲ့ နည်းလမ်းများနဲ့ သတ္တုတူးဖော်ခြင်း လုပ်ဆောင်တာတွေဖြစ်ဖို့ တာဝန် အပြည့်အဝရှိ ပါတယ်။ လက်ရှိအချိန်မှာတော့ ဒါဟာလုံးဝ မဖြစ်နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်သလို သတ္တုတူးဖော်မှုတွေကလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ ဘက်တော်သား ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တူးဖော်နေကြတာ ဖြစ်ပါတယ်။”ဟု Hanna Hindstrom က ဆိုသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ထားသည့် စာရင်းအရ “မြန်မာမျိုးကိုကိုဆေးကုသမှုနှင့်ဆိုင်သောကုမ္ပဏီ’’ အား ချီဖွေမြို့နယ်အတွင်း လုပ်ကွက် ၁၁ ခု၊ မြေ ၂၈၁ ဧကအား မြေရှားသတ္တုတူးဖော်ရန် ခွင့်ပြုမိန့် ချပေးခဲ့သည်။ ထိုအကျယ်အဝန်းသည် ဘောလုံးကွင်း ၁၅၉ ကွင်းစာနှင့် ညီမျှသည်။
သတ္တုတူးဖော်မှု အသေးစိတ်အခြေအနေကိုသိရှိရန် မြန်မာမျိုးကိုကိုဆေးကုသမှုနှင့်ဆိုင်သောကုမ္ပဏီကို အီးမီးလ်မှတဆင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဆက်သွယ်လာခြင်း မရှိခဲ့ပေ။
လက်ရှိအခြေအနေများကို မေးမြန်ရန် ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနဦးစီးမှူးကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
တရားဝင်လုပ်ကွက် ၁၁ ကွက်သာခွင့်ပြုထားသော်လည်း လက်တွေ့တွင် ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့နယ်ခွဲအတွင်း မြေရှားတူးဖော်နေသည့် လုပ်ကွက်များမှာ ခွင့်ပြုထားသည့် လုပ်ကွက်အရေအတွက်ထက်များနေကြောင်း ၎င်းဒေသက မြေရှားတူးဖော်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ကိုဇော်(လုံခြုံရေးအရ နာမည်လွဲသုံးထားပါတယ်)က ဆိုသည်။
မြေရှားသတ္တုတူးဖော်သည့် လုပ်ငန်းခွင်တစ်ခုတွင် အလုပ်သမားအနည်းဆုံး ၄၀ ဦးရှိပြီး လုပ်ငန်းခွင်ကြီးပါက အလုပ်သမားလူဦးရေ သည်ထက်ပိုများလေ့ရှိသည်ဟု ကိုဇော်က ပြောသည်။ အလုပ်သမား ၄၀ ဦးရှိလျှင် ၁၅ဦးသည် တရုတ်လူမျိုးများဖြစ်ပြီး ကျန်သည့်အလုပ်သမားများမှာ မြန်မာအလုပ်သမားများ ဖြစ်သည်ဟု ဆိုသည်။
လောပန်းများကလည်း တရုတ်များဖြစ်ပြီး ဦးဇခုန်တိန့်ယိန်း၏သားများ၏ လုပ်ကွက်ဟုသာ ၎င်းတို့ကသိရကြောင်း ကိုဇော်က ဆိုသည်။
နည်းပညာရှင်များနှင့် သူဌေးများက တရုတ်များသာဖြစ်ပြီး မြန်မာက အလုပ်သမားများက သူတို့ခိုင်းသည့် အလုပ်ကိုလုပ်ရသည်ဟု ပြောသည်။ မြန်မာအလုပ်သမားများကို တစ်လတရုတ်ငွေ ၄,၅၀၀ (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) ပေးသည်ဟု ဆိုသည်။
- မြေရှားသတ္တုကို ဘာကြောင့်ပိုလိုအပ်လာသလဲ။
မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများ၊ လျှပ်စစ်ကားများ၊ စစ်သုံးဂျက်လေယာဉ်များ မှန်သားပြင်တီဗီများ စသည့် ပစ္စည်းများထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ အလွန်အရေးပါသော ကုန်ကြမ်းပစ္စည်း ဖြစ်သည်။ Clean energy (သန့်ရှင်းသောစွမ်းအင်)ဟု ခေါ်သည့် လေစွမ်းအင်သုံး တာပိုင်များမှ လျှပ်စစ်ထုတ်ရန်နှင့် လျှပ်စစ်ကား Tesla များ၊ BMW များ ထုတ်လုပ်ရာတွင်လည်း မြေရှားသတ္တုသည် အရေးကြီးသည်။
ဥပမာအားဖြင့် အဲကွန်း (၂၈၅)လုံး တစ်နာရီစီအသုံးပြုနိုင်ရန်အတွက် လျှပ်စစ် ၁ မီဂါဝပ်လိုအပ်သည်။ ယင်းစွမ်းအားရရှိရန် မြေရှားသတ္တု အသုံးပြုပြီးပြုလုပ်ရသည့် ကမ်းလွန်လေပြင် လေအင်အားမှ ထုတ်နိုင်ရန် မြေရှားသတ္တု (၁၀၅) ကီလို လိုမည်ဖြစ်ပြီး ကုန်းတွင်းလေအင်အားမှဆိုလျှင် မြေရှားသတ္တု (၆၉) ကီလို လိုအပ်သည်။
IRENA ၏ ထုတ်ပြန်ချက်အရဆိုလျှင် ၂၀၃၀ ခုနှစ်သို့ရောက်လျှင် လေစွမ်းအင်သုံးတာပိုင်မှ (2320243.69) မီဂါဝပ်ထုတ်နိုင်ရန် မြေရှားသတ္တုတန်ချိန် (၁၈၃၅၅၀.၆၇) မတ်ထစရစ်တန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်း သတ္တုတူးဖော်မှုလုပ်ငန်းများကို သုတေသနပြုလုပ်နေသည့် အမည်မဖော်လိုသူ သုတေသနပညာရှင်တစ်ဦးက “မြေရှားသတ္တုအုပ်စုမှာ သတ္တုအမျိုးအစား ၁၇ မျိုးပါဝင် ပါတယ်။ သံလျှပ်ဆွဲအင်အား သတ္တိပါဝင်တဲ့သတ္တုတွေ ဖြစ်ကြပါတယ်။ လျှပ်စစ်ကား၊ လေစွမ်းအင်သုံးတာပိုင်၊ စစ်လေယာဉ် စတာတွေကို တည်ဆောက်ရာမှာ အဓိကအသုံးပြုပါတယ်။ မြန်မာနိုင်ငံမှာ ကြွယ်ဝတဲ့ရှားပါးသတ္တုတွေဟာ dysprosium နဲ့ terbium တို့ဖြစ်ပါတယ်။ နိုင်ငံတချို့တွေမှာသာ ရှာဖွေတွေ့ရှိနိုင်တဲ့ သတ္တုအမျိုးအစား ဖြစ်တဲ့အတွက်ကြောင့် အရမ်းအဖိုးတန်တဲ့အတွက် တူးဖော်နေကြတာ ဖြစ်ပါတယ်။”ဟု ဆိုသည်။
Dysprosium နှင့် Terbium ကဲ့သို့သော မြေရှားသတ္တုများဖြစ်သည့် တရုတ်နိုင်ငံ၏ မြေရှားသတ္တုလိုအပ်ချက် တစ်ဝက်ခန့်သည် မြန်မာနိုင်င်ငံမှ ဖြစ်သည်ဟု မြေရှားသတ္တုစက်ရုံးများကို လေ့လာသူ Wu Chenhui က Global Times မှာ ဒီဇင်ဘာလဆန်းပိုင်းက ပြောကြားထားသည်။
တရုတ်နိုင်ငံတွင်း တရားမဝင် မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းခွင်များကို စည်းကမ်းတင်းကြပ်လိုက်သော ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ မြေရှားသတ္တု ထုတ်လုပ်နိုင်မှု ပမာဏမှာ ၂၀၁၆ – ၂၀၁၉ ခုနှစ်အတွင်း တူးဖော်ထုတ်လုပ်မှုသည် ၂၀၁၁ – ၂၀၁၅ ခုနှစ်အတွင်း ထုတ်လုပ်မှုထက် (၈၈)ဆခန့် ပိုများလာခဲ့သည်။ ယခုနောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံတွင်းက မြေရှာသတ္တုတူးဖော်မှု ပိုမိုများလာသည်။
အမည်မဖော်လိုသူ သုတေသနပညာရှင်က “မြေရှားသတ္တုတူးဖော်မှုက သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက စည်းကမ်းတင်းကျပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံတွင်း မြေရှားသတ္တုဝယ်လိုအားက ရှိနေတဲ့အတွက် မြန်မာနိုင်ငံမှာ တူးဖော်မှု မြင့်တက်လာရခြင်း ဖြစ်ပါတယ်။”ဟု ရှင်းပြသည်။
Global Witness က မြန်မာနိုင်ငံဆိုင်ရာအကြီးတန်း စည်းရုံးလှုံ့ဆော်သူ Hanna Hindstrom ကလည်း မြေရှားသတ္တုကို အမှီပြုနေရသော လျှပ်စစ်ကားများနှင့် ဘက်ထရီများ ထုတ်လုပ်နေသည့် (အထူးသဖြင့်) ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစုကြီးများကလည်း မြေရှားသတ္တု ထုတ်ယူသုံးစွဲမှုများကြောင့် ပဋိပက္ခများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများဖြစ်လာရန်အတွက် မီးလောင်ရာလေပင့်ခြင်းမဖြစ်အောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း ဆိုသည်။
- မြေရှားသတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများလာပါသည်။
“ရာသီဥတုတွေလည်း ပြောင်းလဲတာတယ်။ တောင်တွေလည်း ကတုံးဖြစ်သွားတော့ အပိုဓာတ်တွေ ပိုများလာတယ်။ လမ်းဘေးတွေကတောင် မြင်ရတဲ့ ချောင်းတွေရှိတဲ့နေရာ အပြင်တွေခုတ်လိုက်တော့ စိမ့်စမ်းရေတွေ ကုန်သွားတာ။”ဟု အထက်က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။
မြေရှားသတ္တုတူးဖော်ရန် ပထမဆုံး သတ္တုရှိမရှိစမ်းသပ်တူးဖော်ပြီးနောက် တောင်ကိုရှင်းပြီး ကျင်းများတူးပြီး ပိုက်သွယ်ကာ ဓာတုပစ္စည်းများ လောင်းထည့်ပြီး ကန်အဆင့်ဆင့်လုပ်ကာ ပြန်လည်စစ်ယူခြင်း ဖြစ်သည်ဟု မြေရှားသတ္တုတူးဖော်မှုမှာ အလုပ်သွားလုပ်ခဲ့သူများက ဆိုသည်။
The Harvard International Review ၏ အချက်အလက်အရ ၂၀၁၇ မေလမှ ၂၀၂၁ ဩဂုတ်လအထိ မြန်မာနိုင်ငံ၏ မြေရှားသတ္တုထုတ်ခဲ့သည့် ပမာဏအရ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်း (overall toxic waste) ၂၈၄ မီလီယံတန်ချိန်၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်း (radioactive waste) ၀.၁၄ မီလီယံတန်ချိန်နှင့် အန္တရာယ်ရှိဓါတ်ငွေ့ (waste gas) ၄၉၅ ဘီလီယံဂါလံထိ ရှိသည်ကိုတွေ့ရသည်။
မြေရှားသတ္တု တူးဖော်မှုသည် နာမည်ဆိုးကျော်စောသည့် အန္တရာယ်များလှသော လုပ်ငန်းဖြစ်ပြီး တာဝန်မဲ့စွာနှင့် တူးဖော်သည့်အခါ သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှုများကို ဖြစ်စေကြောင်း Hanna Hindstrom က သုံးသပ်ထားသည်။
မြေရှားသတ္တုတူးဖော်နေသော ချီဖွေမြို့နယ် ပန်ဝါဒေသက ဒေသခံများသောက်သုံးကြသည့်ရေကို ဓာတ်ခွဲစစ်ဆေးကြည့်ရာ ၎င်းသောက်သုံးရေမှာ အဆိပ်သင့်ကြောင်း အဖြေရသည်ဟု သုသေတနေလုပ်ခဲ့သည့် ကချင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ဖွဲ့က ထုတ်ပြန်ထားသည်။
မြေရှားကိုတူးဖော်ရာတွင် Oxalic acid, Ammonium bicarbonate စသည့် ဓာတုပစ္စည်း ၅ မျိုးခန့်အထိ (အလုပ်သမားများ အခေါ် ဓာတ်မြေဩဇာ)ကိုသုံးသည်ဟု ကိုဇော်ဇော်က ပြောသည်။
တရုတ်ကိုသာ မှီခိုပြီးရောင်းနေရသည့် ဒေသထွက် အသီးအနှံများကို တရုတ်ဘက်က မဝယ်တော့သည့်အတွက် တနိုင်တပိုင် ခြံလုပ်ငန်းကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံများအတွက် တော်တော်ခက်ခဲလာနေသည်ဟု အထက်တွင်ဖော်ပြခဲ့သည့် အမည်အဖော်မဖော်လိုသူ ဒေသခံတစ်ဉီးက ဆိုသည်။
“အသီးတွေလည်းရောင်းစားလို့ မရဘူး။ သစ်ကြားသီးတို့ ရှောက်ကော်တို့ ချဉ်စော်ကားသီးတွေက အရင်ကလို ရောင်းစားလို့ မရဘူး၊ ဝယ်လက် မရှိတော့ဘူး။ တရုတ်တွေပြောတာ ဒီသတ္တုတူးဖော်တဲ့အထဲမှာ ထည့်တဲ့မြေဩဇာတွေက အဆိပ်ဖြစ်စေတယ်တဲ့။ အဲဓာတ်မြေဩဇာထည့်တဲ့တစ်ဝိုက်က အသီးအနှံ စားသုံးကုန်တွေဆိုရင် သူတို့မဝယ်ဘူးလို့ပြောတယ်”ဟု အမည်မဖော်သူဒေသခံတစ်ဦးက ဆိုသည်။
အဆိပ်သင့်ရေများကို သောက်သုံးနေရသည့်အတွက် ဒေသခံများ ကျန်းမာရေး ပြဿနာများနှင့် ကြုံလာရပြီး စိုးရိမ်စိတ်များလည်း ပိုမိုများလာနေကြောင်း ဆိုသည်။
အမည်မဖော်လိုသူ သုသေတန ပညာရှင်ကလည်း လက်ရှိအချိန်မှာ သိပ်မသိသာသေးသော်လည်း ရေရှည်တွင် ပတ်ဝန်းကျင်နှင့် ဒေသခံများ၏ ကျန်းမာရေးအပေါ် ထိခိုက်မှုများ ပိုမိုထင်ရှားဖြစ်ပေါ်လာပါလိမ့်မည်ဟု ပြောဆိုထားသည်။ မြေရှားတူးဖော်လုပ်ငန်းခွင်မှာ ဓာတ်မြေဩဇာကိုင်သည့် အလုပ်သမားများက ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်ဟုဆိုကာ လုပ်အားခပိုက်ဆံလည်း ပိုပေးသည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က စနစ်တကျတိုင်းတာသည့် သုတေတန မရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို တိတိကျကျပြောနိုင်ရန် ခက်ခဲသည်ဟု ဆိုသည်။
“ပတ်ဝန်းကျင်ဆိုင်ရာ assessment (သုတေသနစစ်တမ်း)တွေ တော်တော်အားနည်းတယ်။ အားနည်းတဲ့အခါကျတော့ ကျွန်နော်တို့ ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိတယ်၊ မရှိဘူးဆိုလည်း တိတိကျကျ ပြောလို့လည်း မရဘူး။ မှန်းဆသလောက်ပဲ ရှိတယ်။ အဲဒီဘက်က တက်ကြွလှုပ်ရှားသူတွေ ပြောကြတာပဲ ရှိတယ်”ဟု ဒေါက်တာတူးခေါင်က ဆိုသည်။
- စည်းကမ်းမဲ့ သယံဇာတတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ဘယ်လို ထိန်းသိမ်းမလဲ။
ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်နေသည့် နေရာမှာ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ စစ်ကောင်စီတပ်များ၏ ထိန်းချုပ်နယ်မြေအတွင်း၌ဖြစ်ပြီး အများပြည်သူ ဝင်ထွက်သွားလာရန် ခက်ခဲသည့်နေရာ ဖြစ်သည့်အတွက် သတ္တုတူးဖော်မှုကို တိတိကျကျလေ့လာနိုင်ရန် ခက်ခဲသည့် ဒေသဖြစ်သည်။
“မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ မြေရှားပါးသတ္တုတူးဖော်မှု အားလုံးဟာ တရားမဝင် တူးဖော်နေတာ သာမက ဥပဒေအရ ထိန်းချုပ်ကန့်သတ်မှုတွေလည်း မရှိသလို တူးဖော်နေတဲ့ နေရာတွေကလည်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာဖြစ်ပါတယ်။ လက်ရှိ အခင်းအကျင်းအရ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းကို တာဝန်သိသိလုပ်ဆောင်နိုင်ဖို့ အခြေအနေ မရှိသလို (နည်းလမ်းလည်း မရှိတာကြောင့်) ဘယ်လို ကုမ္ပဏီပဲဖြစ်စေ တူးဖော်ခြင်းလုပ်ငန်းကို မလုပ်သင့်ပါဘူး”ဟု Hanna Hindstromက သုံးသပ်အကြံပြုထားပါသည်။
ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ သတ္တုတူးဖော်မှုဆိုင်ရာ ဥပဒေများရှိသော်လည်း အားနည်းချက်များနှင့်သာ ပြည့်နက်နေသည့်အတွက် ယခု မြေရှား (rare earth)မှ ရရှိသော ငွေများကလည်း နိုင်ငံတော်၏ တရားဝင်ဝင်ငွေထဲ ဝင်ရန်မဖြစ်နိုင်ကြောင်း သုတေသန ပညာရှင်က ဆိုသည်။
“ပွင်းလင်းမြင်သာမှု အားနည်းပါတယ်။ ဥပဒေတွေကလည်း အားနည်းချက်တွေနဲ့ပဲ ပြည့်နက်နေပါတယ်။ ခွင့်ပြုမိန့်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကလည်း အကျင့်ပျက်ချစားမှုတွေနဲ့ပဲ ပြည့်နက်နေပါတယ်။ ကုမ္ပဏီ အများစုကလည်း အခွန်ရှောင်ကြပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုတွေ ကုစားဖို့စီမံချက်တွေက အသက်မဝင်ဘဲ စာရွက်ပေါ်မှာသာ ရှိနေပါတယ်။”ဟု အမည်မဖော်လိုသူ သုတေသနပညာရှင်က ဆိုသည်။
မြေရှားသတ္တုကုန်သွယ်မှုကြောင့် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အတွက်သာ အကျိုးအမြတ်ရှိပြီး ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တွန်းအားပေးပြီး၊ မြန်မာစစ်တပ်၏ စနစ်ကျသည့် အကျင့်ပျက်ခြစားမှုများကို လှုံ့ဆော်ပေးနေသည်ဟု Justice for Myanmar က မရတနာမောင်က ပြောဆိုထားသည်။
မရတနာအောင်က တရုတ်နိုင်ငံ၊ အမေရိကန်နှင့် အီးယူနိုင်ငံများမှာ လျှပ်စစ်ကားများ၊ လေတာဘိုင်များ အပါအဝင် ထုတ်လုပ်မှုများအတွက် နိုင်ငံတကာဝယ်လိုအား ကြီးထွားလာသည်မှာ မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်မှုကို ဆက်ရှိနေစေခြင်းဖြစ်ကြောင်း ဆိုသည်။
“ဒါပေမယ့် ကုမ္ပဏီတွေနဲ့ နိုင်ငံတကာ အစိုးရတွေက ရွေးချယ်ခွင့်ရှိပါတယ်။ မြေရှားသတ္တုတူးဖော်မှုရဲ့ နောက်ဆက်တွဲ ပျက်စီးထိခိုက်မှုတွေဟာ Tesla နဲ့ BMW တို့လို နိုင်ငံတကာ ကော်ပိုရေးရှင်းတွေမှာ သက်ဆိုင်ပါတယ်။ (သူတို့ထုတ်ကုန်တွေမှာ) မြန်မာနိုင်ငံက တွင်းထွက်ပစ္စည်းတွေ မပါဝင်ဘူးဆိုတာ သေချာစေဖို့ သူတို့ပျက်ကွက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကို ပြောင်းလဲရမယ်။ နိုင်ငံတကာ အစိုးရတွေဟာလည်း မြန်မာနိုင်ငံမှာ တူးဖော်ရရှိတဲ့ မြေရှားသတ္တုတွေကို ပဋိပက္ခတွင်းထွက်တွေအဖြစ် သတ်မှတ်ပြီး သူတို့ကို ရောင်းချတာတွေ၊ တင်သွင်းတာတွေကို တားမြစ်ဖို့ အရေးပေါ် ဆောင်ရွက်ရပါမယ်။”ဟု မရတနာအောင်က ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာအကြီးတန်း စည်းရုံးလှုံ့ဆော်သူ Hanna Hindstrom ကလည်း “အခုလက်ရှိ အနေအထားအရ
မြန်မာနိုင်ငံမှဘယ်လို သတ္တုတူးဖော် ထုတ်ယူခြင်းကိုမဆို တားမြစ်ထားသင့်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ လိုအပ်တယ် (အသုံးပြုတယ်)လို့ ဆိုတဲ့စိမ်းလန်းတဲ့နည်းပညာတွေကို စက်ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့လိုအပ်တဲ့ သတ္တုတူးဖော်နေတဲ့ နေရာတွေမှာ သုံးစွဲနေကြပေမယ့် အဲဒီလို သုံးစွဲမှုတွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ပျက်စီးမှုဖြစ်စေနိုင်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တာကလည်း တကယ့်ကို ထင်မှတ်မထားတဲ့ ဖြစ်ရပ်မျိုးပါ။”ဟု သုံးသပ်ထားသည်။