၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ၂၀၁၅ထက်နည်း
လာမည့်နိုဝင်ဘာလ (၈)ရက်နေ့ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ၂၀၁၅ခုနှစ်ထက်နည်းနေကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်ကပြောသည်။
“၂၀၁၅မှာ ၅၀၂ယောက်လောက်ဝင်ပြိုင်ခဲ့တယ်ပေါ့ အခုက ၃ရက်နေ့အထိ ၂၇၀ပဲရှိသေးတယ်။ အာဏာကုန်တက်လာရင် သုံးရာပေါ့ ၂၀၁၅ထက်စာရင် လူ၂၀၀လောက်တော့လျော့သွားတယ်”ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။
ပါတီအချို့များအနေဖြင့် ပါတီများပေါင်းသွားခြင်း၊ ရပ်ဆိုင်းခံရခြင်းတို့ ကြောင့်ဖြစ်နိုင်သည်ဟု ဦးထွန်းအောင်ခိုင်က ဆိုပါသည်။
၂၀၁၅ခုနှစ်၌ ၁၇ပါတီယှဉ်ပြိုင်ခဲ့ပြီး ယခု ၂၀၂၀ တွင် ပါတီပေါင်း ၁၉ပါ
တီလောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ၂၀၂၀ခုနှစ်မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရူသူ နည်းပါးသောကြောင့် မဲစာရင်းပြန်ပြောင်းတောင်းဆိုသူများ နည်းကြောင်း ဦးထွန်းအောင်ခိုင်ကပြောသည်။
“မဲစာရင်းပြန်လျှောက်တာက မများဘူး။ မများဘူးဆိုတာက ဘာကြောင့်လဲဆိုရင် လာကြည့်တဲ့သူနည်းတယ်။ ၂သိန်းလောက်ပဲလာကြည့်တယ်။ မဲစာရင်းရာခိုင်နှုန်းနဲ့ပြောရင် ၁၈ရာခိုင်နှုန်းလောက်ပဲလာကြည့်တယ်၊ လာကြည့်တဲ့သူတွေထဲမှ လျှောက်တားတဲ့လူကလည်း ကျန်ခဲ့လို့ထည့်သွင်းပေးပါလို့တောင်းဆိုတာက ၁သောင်းကျော်ကျော်လေးရှိတယ်။ နောက်ပယ်ဖျက်ပေးဖို့ပြောတဲ့လူက ၆ထောင်ကျော်ရှိတယ်၊ နောက်အချက်အလက်တွေပြင်ဆင်ပေးပါဆိုတဲ့ တင်ပြတဲ့သူက ၈ထောင်ကျော်ရှိတယ်”ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။
လက်ရှိအမည်စာရင်း တင်တွင်းထားသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၅၀)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၃၃)ဦး နှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် (၂၂) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် မဲပေးနိုင်သူဦးရေ ဆယ်သိန်းကိုးသောင်းကျော်ရှိကြောင်း သိရသည်။