အောင်ဆန်းစုကြည် ဖောင်ဒေးရှင်းမှ မဲပေါက်သည်ဟုဆိုပြီး ဖုန်းဖြင့် ငွေလိမ်မှုတွေရှိနေ
အောင်ဆန်းစုကြည်ဖောင်ဒေးရှင်းကနေ မဲပေါက်သည်ဟုဆိုကာ ငွေဆယ်သိန်း လွှဲခိုင်းသည့်ဖြစ်စဉ်တစ်ခု မြစ်ကြီးနား တပ်ကုန်းရပ်ကွက်တွင် ဇူလိုင်လ ၂၉ရက်နေ့၌ ဖြစ်ပွားခဲ့ကြောင်း တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော်ကဆိုသည်။
အောင်ဆန်းစုကြည်ဖောင်ဒေးရှင်းက ရန်ပုံငွေများကို မဲနိုက်ခဲ့ရာ တပ်ကုန်းရပ်ကွက် ကြာရာပ္ပတီးမှ အမျိုးသမီးတစ်ဦးကိုင်ဆောင်ထားသည့် ဖုန်းနံပါတ်က သိန်းသုံးရာကျပ် မဲပေါက်သည်ဟုဆိုကာ လူတစ်ဦးမှ အမျိုးသမီးထံဖုန်းဆက်အကြောင်းကြားလာသည်ဟု ဆိုသည်။ ၎င်းဆုငွေကိုရယူရန်အတွက် ငွေဆယ်သိန်းခန့်ကို ကြိုတင်လွှဲပေးရန်ပြောဆိုလာသည့်အတွက် အမျိုးသမီးက အုပ်ချုပ်ရေးမှူးထံ လာရောက်တိုင်ပင်ခဲ့ခြင်းဖြစ်သည်ဟု ဦးဘောက်နော်က ဆိုသည်။
“ကျွန်တော့်ကို လာတိုင်ပင်တယ်။ လာတိုင်ပင်တော့ ကျွန်တော်က ပြောပြတယ်။ ဒါတွေကို ကျွန်တော်တို့က ခဏခဏကြားဖူးနေတယ်။ ခင်ဗျားအဲဒါမဟုတ်ဘူး။ မင်းကို မက်လုံးပေးလိုက်တာ၊ တကယ်လို့ မင်းကိုပေးချင်ရင် အဲ့ သိန်း၃၀၀ အဲထဲကနုတ်ယူခိုင်းမှာပေါ့။ ခင်ဗျားမယုံရင် အဲ့ဖုန်းနံပါတ်နဲ့ သွားလွှဲလိုက် မရစေရဘူးလို့၊ ကျွန်တော်ကောင်းကောင်းရှင်းပြတယ်၊ သူလည်းလက်ခံသွားပါတယ်။”ဟု တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးဘောက်နော်ကိုယ်တိုင် လူတစ်ယောက်က ရဲမှူးဖြစ်သည်ဟု ဖုန်းဖြင့်လိမ်လည်ပြောဆိုသည်ကို ခံခဲ့ရဖူးကြောင်းလည်း ပြောပြသည်။
“ကျွန်တော်ကိုယ်တိုင်လည်းခံရဖူးတယ်။ ကျွန်တော်ကိုယ်တိုင်က ဘယ်လိုခံရဖူးလဲဆိုရင် လက်ရှိ ရဲမြို့နယ်မှူး ဦးမြင့်မိုးဆိုလား၊ ဦးမြတ်မိုးဆိုလား ကျွန်တော် မြို့နယ်ရဲတပ်ဖွဲ့မှူးပါ ဦးဘောက်နော်ဆိုပြီး ရင်းရင်းနှီးနှီး သူကဖုန်းဆက်တယ်။ ဒါပေမဲ့ အသံက တူသလို မတူသလို။ ကျွန်တော်အကူအညီတောင်းချင်လို့ ကျွန်တော် အခုရာထူး တိုးပြီးအပြောင်းအရွှေ့ပါတယ်။ ကျွန်တော့်တပည့်လေးတွေကို ကျွန်တော် ဖုန်းကဒ် အဲ့ဒါလေးတွေ ထည့်ပေးချင်လို့ ကျွန်တော့်ကို ဒီဖုန်းနံပါတ်နဲ့ ဖုန်းကဒ်ထည့်ပေးပါဆိုပြီး ကျွန်တော်လည်း ထည့်ပေးလိုက်တယ်ဗျာ။ နောက်မှ နေပါအုံး ဒီဖုန်းနံပါတ်က သိပ်မတူဘူးကွာဆိုပြီးမှ ရဲမြို့နယ်မှူးဆီ ကျွန်တော်ဖုန်းဆက်ကြည့်တော့ ဟာအဲ့ဒါ ကျွန်တော်မဟုတ်ဘူး။ ခင်ဗျားတင်မဟုတ်ဘူး၊ ကျွန်တော့်တပည့်လေးတွေလည်း အလိမ်ခံရတယ်တဲ့။ ကျွန်တော် ၂သိန်းကျော်ဖိုးလောက် ထည့်ပေးလိုက်တယ်”ဟု ဦးဘောက်နော်က ပြောသည်။
မြစ်ကြီးနား အနီးတဝိုက်တွင်လည်း ယခုတလောဖုန်းဖြင့် ဆက်သွယ်ပြီး ငွေလိမ်လည်မှုတွင် မကြာခဏ ကြားနေရသည်။
ဖုန်းဆက်ပြီး ထီဆိုင်ပိုင်ရှင်ကလုပ်ပေးသည့် ကံစမ်းမဲပေါက်ကာ သိန်း ၂၃၀ကို ရရှိမည်ဟုဆိုကာ အခွန်ဆောင်ဖို့ အခွန်ရုံးက ဗိုလ်မှူးကျော်ကျော်ဆိုသူက နှစ်သိန်းကျော် လွှဲခိုင်းသည်ဟု လိမ်လည်သည့် အဖြစ်လည်း ယခုရက်ပိုင်းဖြစ်ပွားခဲ့သည်။