မြစ်ကြီးနားမြို့မှ အချို့ရပ်ကွက်များတွင် မဲစာရင်းလာကြည့်သူရှိပြီး၊ အချို့ရပ်ကွက်များတွင် လာကြည့်သူအလွန်နည်း
မြစ်ကြီးနားမြို့မှ အချို့ရပ်ကွက်များတွင် မဲစာရင်းလာကြည့်သူရှိပြီး၊ အချို့ရပ်ကွက်များတွင် လာကြည့်သူအလွန်နည်း
မြစ်ကြီးနား မြို့ရှိ အချို့ရပ်ကွက်များတွင် မဲစာရင်းလာကြည့်သူ ၂၀၁၅ ခုနှစ်ကထက် ပိုမိုများသော်လည်း အချို့ရပ်ကွက်များတွင် လာကြည့်သူအလွန်နည်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကဆိုသည်။
ရန်ကြီးအောင်၊ ဒူကထောင်၊ စီတာပူ၊ အာလမ်၊ ပလန၊ ရွှေအိုက်ရပ်ကွက်များသည် ၂၀၁၅ ထက်လာရောက်ကြည့်ရှုသူဦးရေ ပိုများသည်ဟုဆိုသည်။
“ဒီတစ်ကြိမ်ကတော်တော်ကိုများပါတယ်။ အခုကျွန်တော်တို့ ဒီနေ့ဆို လေးရက်မြောက်နေ့ပေါ့ တစ်ရက်ကို ကျွန်တော်တို့ ပျမ်းမျှခြင်းအားဖြင့် ၁၂၀လောက်တော့ရှိမယ်ထင်တယ်။ သုံးရက်စာရင်းကတော့ရပြီ”ဟု ရန်ကြီးအောင်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစိုးသစ်ကပြောသည်။
အောင်နန်း၊ နောင်နန်း၊ ရှဒေါင်၊ ကျွန်းပင်သာ၊ မြေမြင့်၊ တပ်ကုန်း ရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူဦးရေက ၂၀၁၅ ခုနှစ်ထက် နည်းသည်ဟု ဆိုသည်။
“လာရောက်ကြည့်ရှုသူဦးရေ နည်းတယ်။ တစ်ရက်မှာ ၇ယောက် ၁၀ယောက်လောက်ပဲလာကြည့်တယ်။ ဘာကြောင့်လဲဆိုရင် ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲတော့ ဒီဘက်ကို သိပ်စိတ်မဝင်စားဘူး။ စားဝတ်နေရေးအတွက် လုပ်နေရတော့”ဟု ဦးစိုင်းလှဒင်ကပြောသည်။
လာမည့်နိုဝင်ဘာလ ၈ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားပြီးဖြစ်သည်။
ကချင်ပြည်နယ်တွင် မဲပေးနိုင်သူဦးရေ ဆယ်သိန်းကိုးသောင်းကျော်ရှိပြီး မြို့ရွာရပ်ကွက်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ဇူလိုင် ၂၅ရက်နေ့မှစ၍ သြဂုတ်လ ၇ရက်နေ့အထိ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မဲစာရင်း အမှားများ၊ မဲစာရင်းတွင် အမည်မပါသူများကိုလည်း သိပ်မတွေ့ရကြောင်း ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆိုသည်။