Covid-19 ပညာပေး ပန်းချီရေးဆွဲသူများအား အပြစ်မရှိကြောင်း စီရင်ချက်ချ
Covid -19 ပညာပေးပန်းချီရေးဆွဲသော လူငယ်(၃)ဦးအား ယနေ့ ဇူလိုင် ၁၇ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်တရားရုံးမှ အပြစ်မရှိကြောင်း အပြီးသတ် စီရင်ချက်ချလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
တရားစွဲဆိုခံရသူဘက်မှ သက်သေများဖြင့် အပြစ်မရှိကြောင်း ငြင်းဆို၍ ထုချေနိုင်ခဲ့သောကြောင့် အပြစ်မချမှတ်ဘဲ လွတ်ပေးလိုက်သည်ဟု တရားလွှတ်တော် ရှေ့နေ ဒေါ် ဒွဲဘူက ပြောသည်။
“အဓိကကတော့ ဒီမှာ ဗုဒ္ဓဘာသာ သာသနာကိုစော်ကားတဲ့ ကိစ္စဆိုတဲ့နေရာမှာ နံပါတ်(၁) အဲ့မှာရေးဆွဲထားတဲ့ သေမင်းပုံရဲ့ဝတ်ရုံက အနီရောင်ဖြစ်နေတာပေါ့ နောက်နံပါတ်(၂)ကကျတော့ ဒီဝတ်ရုံ ရုံတဲ့ ကိစ္စပေါ့၊ ရဟန်းသံဃာတော်တွေ ဝတ်တဲ့ ဝတ်ရုံနဲ့တူတယ်ဆိုမှ စွပ်စွဲထားပါတယ်။ နောက်တစ်ခုကကျတော့ ဒီCovid-19လို့ရေးထားတဲ့စာတန်းပါတဲ့ အိုး ပေါ့နော်၊ အဲဒါက ဗုဒ္ဓဘာသာမှာ ရဟန်းသံဃာတွေ ဆွမ်းခံထွက်တဲ့ သပိတ်နဲ့တူတယ်ဆိုမှ စွပ်စွဲထားပါတယ်။ အဲ့ဒီ(၃)ချက်ပေါ့ ကိုယ်ဟန်အနေအထားတွေ တူတယ်ဆိုတဲ့ဟာတွေပေါ့။ အဲ့ဒါတွေကို ကျမတို့ဘက်ကနေပြီးမှ တစ်ချက်ချင်း အကုန်လုံး ဖြေရှင်းနိုင်ခဲ့ပါတယ်ပေါ့နော်”ဟု ရှေ့နေဒေါ်ဒွဲဘူက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားဘူတာတိုက်တန်းတွင် Covid -19 ပညာပေးပန်းချီရေးဆွဲသော လူငယ်(၃)ဦးကို ပြည်နယ်သာသနာရေးဌာန ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က တရားလိုပြုကာ မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဗုဒ္ဓဘာသာ သာသနာကိုစော်ကားခြင်း၊ ညိုနွမ်းစေခြင်းတို့ကြောင့် ပြစ်မူဆိုင်ရာ ပုဒ်မ ၂၉၅-ကဖြင့် ဧပြီ ၃ရက်နေ့တွင် တရားစွဲဆိုခဲ့ ခြင်းဖြစ်ပါသည်။