သင်ရိုးညွှန်းတမ်းကိစ္စ အမှန်ဖြစ်လာရေး အားလုံးနှင့် သက်ဆိုင်
သင်ရိုးညွှန်းတမ်းကိစ္စသည် အသေးအမွှားကိစ္စမဟုတ်၍ အားလုံးနှင့်သက်ဆိုင်သည်ဟု မြန်မာနိုင်ငံကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုအသင်း၏ ဥက္ကဌဦးထုံဖူးဒဂုဏ်မှ ပြောသည်။
အသစ်ပြဌာန်းလိုက်သော သတ္တမတန်း ပထဝီဝင်ဘာသာရပ်၌ ထည့်သွင်းထားသည့် ကချင်လူမျိုးဟူသည့် ခေါင်းစဉ်အောက်တွင် ပါဝင်သော ကချင်လူမျိုး၏ အမည်များ စာလုံးပေါင်းသတ်ပုံများမှားယွင်းမှုနှင့် ပတ်သက်၍ ၎င်းမှ ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။
“ဒါကတော့ ကျွန်တော်တို့ ကချင်မျိုးနွယ်တွေ အားလုံးပေါ်မှာ တာဝန်ရှိတာပေါ့ အားလုံးဆိုတဲ့နေရာမှာ ကချင်လူထုတွေသာမက ကချင်ပြည်နယ်မှာရှိတဲ့ လူထုတွေက mandate (လုပ်ပိုင်ခွင့်)ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာရော ကျန်တဲ့ဌာနမှ အခု(သင်ရိုးညွှန်းတမ်း)ရေးဆွဲနေတဲ့ဌာနရဲ့ လူကြီးတွေမှာရော ဆရာ၊ဆရာမတွေမှာရော၊ ကျွန်တော်တို့ ကချင်ပြည်နယ် လူထုတစ်ရပ်လုံးမှာလည်းပဲ တာဝန်တော့ရှိတာပေါ့။ တာဝန်ရှိတယ်ဆိုတဲ့နေရာမှာ သူ့ကဏ္ဍနဲ့ကဏ္ဍပေါ့၊”ဟု ဦးထုံဖူးဒဂုဏ်က ဆိုသည်။
သင်ရိုးညွှန်းတမ်း၌ စာလုံးပေါင်းသတ်ပုံမှားနေခြင်းသည် တာဝန်ယူထားသူများ၏ ပေါ့ဆမှုဖြစ်ပြီး၊ အမှားများကို သင်နေခြင်းသည် အနာဂတ်တွင် တိုင်းသူပြည်သားများနှင့် ကျောင်းသူကျောင်သားများ အချင်းချင်း နားလည်မှုလိုအပ်ချက်များရှိလာနိုင်သကဲ့သို့ နိုင်ငံကြီးသည်လည်း ပဋိပက္ခသံသရာများထဲမှ လွတ်လာနိုင်မည်မဟုတ်ကြောင်း Kachinland College, Humanity Institute ၏ ဒါရိုက်တာ ဆရာဦးဒန်ခုန်အောင်က ဆိုသည်။
“ကချင်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ရေးသားဖို့ ထုတ်ဖော်ဖို့ သင်ကြားဖို့ လေ့လာဖို့ ဆိုတဲ့နေရာမှာ ဒါကချင်တိုင်းရင်းသားတွေမှာ လုံးလုံးကို တာဝန်ရှိပါတယ်၊ ပြီးရင်ကချင်တိုင်းရင်းသားမှာလည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး ဆိုတဲ့အတိုင်းပဲ ကိုယ့်ရဲ့စာပေယဉ်ကျေးမူ ထုံးတမ်းစဉ်လာတွေ၊ သမိုင်းတွေကို ရေးသားဖို့ ပြောဆိုဖို့ဆိုတဲ့နေရာမှာ အခွင့်အရေးလည်း အပြည့်အဝရှိသလို့၊ တာဝန်လည်း အပြည့်အဝရှိပါတယ်၊ ထို့ကြောင့် ဒီအခု တာဝန်ရှိတဲ့ အစိုးရတွေမှာလည်း ခဏက ပြောထားတဲ့အတိုင်း ဗဟိုကနေ အားလုံးချုပ်ကိုင်မယ် ဗဟိုကပဲ အားလုံးထိန်းချုပ်ထားမယ်ဆိုတာမျိုး မဟုတ်ပဲနဲ့ ခဏကမူလတာဝန်ရှိတဲ့သူတွေ အခွင့်အရေးရှိတဲ့ ကချင်တိုင်းရင်းသားတွေ ဘက်ကနေ ကချင်လူမျိုး တွေဘက်ကနေ သူတို့မှာရှိတဲ့အခွင့်အရေးကို သူတို့ အသုံးချမယ် သူတို့တာဝန်တွေကို သူတို့ယူနိုင်ဖို့အတွက် သူတို့ရဲ့အခင်းအကျင်းတွေလိုအပ်ပါတယ်။” ဟု ဆရာဦးဒန်ခုန်အာင်က ပြောသည်။
အဆိုပါ အသစ်ပြဌာန်းလိုက်သော သတ္တမတန်း ပထဝီဝင်ဘာသာရပ်၌ ထည့်သွင်းထားသည့် ကချင်လူမျိုးအကြောင်းနှင့် ပတ်သက်သော လူမျိုးအရေအတွက်နှင့် အမည်စာလုံးပေါင်းသတ်ပုံများမှားယွင်းမှုနှင့် ပတ်သက်၍ facebook လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများရှိနေသလို၊ မြန်မာနိုင်ငံကချင်ရိုးရာယဉ်ကျေးမှုအသင်းမှလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ၎င်းတို့နှင့် ဆွေးနွေးတိုင်ပင်အတည်ပြုချက် ရယူခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။