ပူတာအိုတွင် Covid-19 ရောဂါကူးစက်ပြန့်နှံ့ခြင်းမရှိစေရန် လေယာဉ်ကွင်းနှင့် မူလာရှီဒီးတံတားတွင် စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်နေ
ပူတာအိုဒေသခံများကို Covid-19 ရောဂါမှ ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြင့် ပြန်လာသူများကို လေယဉ်ကွင်း၌ စောင့်ကြည့်စစ်ဆေးမှုပြုလုပ်ပြီး၊ ကားဖြင့်ပြန်လာသူများကို မူလရှီဒီးတံတား၌ စောင့်ကြည့်ပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ နိုင်ငံခြားမှ ပြန်လာသူများ၏ ခရီးသွားရာဇဝင်များကိုမှတ်တမ်းယူထား၍ နေအိမ်တွင် ၁၄ရက် Home quarantine စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ပူတာအိုဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက ဆိုသည်။
“ကျေးရွာအဆင့်တွေမှာလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ (RHC) ဆရာမတွေအားလုံးပူးပေါင်းပြီးတော့မှ နိုင်ငံခြားကပြန်လာတဲ့သူတွေ၊ သူတို့နဲ့ထိတွေ့ခဲ့တဲ့ လူတွေအားလုံးကို Covid-19 ရာဂါလက္ခဏာတွေပေါ့နော်၊ အားလုံးကိုနေ့စဉ် မျက်ခြေမပြတ် သွားကြည့်နိုင်တဲ့သူလည်း သွားကြည့်တယ်။ မသွားကြည့်နိုင်တဲ့သူတွေကိုလည်း ဖုန်းနဲ့မပြတ်မေးထားပါတယ်။”ဟု ဒေါက်တာသန့်ဇင်ထွန်းက ဆိုသည်။
ပူတာအိုခရိုင်တွင် ယခုအချိန်ထိ covid-19 သံသယလူနာ မတွေ့ရှိသေးကြောင်း ၎င်းကဆိုသည်။
Quarantine သီးသန့်လုပ်ရန် လိုအပ်လာပါက ပူတာအို အထက(၁)ကျောင်း၌ ထားရှိရန် ပြင်ဆင်ထားကြောင်းလည်း ဆိုသည်။
ပူတာအို လူထုများက သိပ်စိုးရိမ်ကြခြင်းမရှိသေးပဲ ပုံမှန်အတိုင်း သွားလာ၍ ပွဲများ၊ လူစုလူဝေးများ လုပ်နေကြသည့်အတွက် မပြုလုပ်ရန် တားနေရကြောင်း ၎င်းကဆိုသည်။
ပူတာအိုဒေသတွင် လာလည်သည့်ခရီးသွားများ ယခုအချိန် မရှိသလောက်ဖြစ်နေပြီဖြစ်ကြောင်း ပူတာအို ဒေသခံများက ဆိုသည်။
“ပူတာအိုမြို့ပေါ်တော့ ဘုရားကျောင်း ဝတ်ပြုတာတွေ မရှိတော့ဘူး။ ရွာတွေဘက်မှာတော့ ပုံမှန်လုပ်နေကြတုန်းပဲ။”ဟု ပူတာအိုဒေသခံ ဦးအောင်ခမ်းက ဆိုသည်။