မြစ်ကြီးနားမြို့၊ အချို့ကျေးရွာများတွင် ကိုယ်အပူချိန်တိုင်းကိရိယာ thermometer မရှိ
မြစ်ကြီးနားမြို့၊ အချို့ကျေးရွာများတွင် ကိုယ်အပူချိန်တိုင်းကိရိယာ thermometer မရှိ
နိုင်ငံခြားနှင့် ပြည်တွင်းခရီးမှ ပြန်ရောက်လာသူများကို အပူချိန်တိုင်းရန် အချို့ကျေးရွာများတွင် အပူချိန်တိုင်းကိရိယာ”Infrared Digital Thermometer” မလုံလောက်သဖြင့် အလှည့်ကျစောင့်ဆိုင်းနေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆိုသည်။
“အပူချိန်တိုင်းတဲ့ဟာ မလောက်ဘူး။ ပေါင်းကိုင်နေရတယ်။ ဟိုလူကိုင်လိုက် ဒီလူကိုင်လိုက်ပဲ။ အခုဝယ်လို့လဲမရဘူး။”ဟု တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ဆိုသည်။
မြစ်ကြီးနားမြို့မှ တပ်ကုန်းရပ်ကွက်၊ နောင်းနန်းကျေးရွာအုပ်စု၊ ပလနကျေးရွာအုပ်စုနှင့် နန်ကျင်းကျေးရွာများအတွက် အပူချိန်တိုင်းကိရိယာတစ်ခုပဲရှိသည့်အတွက် တိုင်းလိုသည့်အချိန် ချက်ချင်းမတိုင်းနိုင်ဖြစ်နေသည်ဟု နောင်းနန်းကျေးရွာအုပ်စု လမြန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတန်ခမ့်ကဆိုသည်။
“မနေ့ညရွာမှာ ခရီးသွားပြီးပြန်လာတဲ့ လူတွေကို အပူချိန်တိုင်းဖို့ thermometer က တပ်ကုန်းဘက်ပါသွားတော့ မတိုင်းလိုက်နိုင်ဘူး။ ဒီမနက်မှပြန်လာတိုင်းတယ်။ mark လည်း ကျန်းမာရေးဝန်ထမ်းတွေ သုံးဖို့တောင်မရှိဘူး။”ဟု ဦးတန်ခမ့်က ဆိုသည်။
နောင်နန်းကျေးရွာအုပ်စုတွင် မတ်လ ၂၂မှ ယနေ့အထိ တရုတ်မှပြန်သူ အယောက် ၂၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားပြန်များ စာရင်းပေးရမည်ဟု အစိုးရက ညွှန်ကြားထားသော်လည်း အချို့ပြည်သူများသည်သတင်းမပေးပဲ နေအိမ်တွင်သာ တိတ်တဆိတ်နေနေသူများလည်းရှိနေကြောင်း နောင်နန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆိုသည်။
တပ်ကုန်းရပ်ကွက် တစ်ခုလုံး ဆယ်အိမ်မှူးများနှင့် ပူးပေါင်းပြီး နိုင်ငံခြားကပြန်လာသူများကို ပိုက်စိပ်တိုက်ရှာပြီး ၁၄ရက်နေအိမ်တွင်သာနေရန် စောင့်ကြည့်လျှက်ရှိကြောင်းနှင့် ကားကြီးဝင်းတွင် ကားပေါ်မှဆင်သည့်ပြည်သူများကို ပညာပေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဦးဘောက်နော်က ဆိုသည်။
၃ရက်ကောက်သည့်စားရင်းအရ တပ်ကုန်းရပ်ကွက်တွင် ထိုင်းနှင့် တရုတ်မှပြန်လာသူ ၂၆ ယောက်ရှိပြီဖြစ်ကြောင်း ဦးဘောက်နော်က ဆိုသည်။
အချို့ကျေးရွာများတွင်လည်း covid-19 နှင့်ပတ်သက်ပြီး ဘယ်လိုကာကွယ်ရမည်၊ လက်ဆေးနည်း၊ ခရီးသွားပြီးပြန်လာသူများအား ဘယ်လိုထားရမည် စသည့်အချက်များကို တစ်အိမ်ဝင် တစ်အိမ်ထွက် ပညာပေးမှုများလည်း ဆောင်ရွက်နေသည်။