ကချင်ပြည်သူများနဲ့ နိုင်ငံရေးပါတီများထံသို့ ပေးပို့လိုသောစာ
Hka San Lwi (ခဆန်လွင်)
၎ နိုဝင်ဘာလ ၂၀၁၈
ရွေးကောက်ပွဲချင်းတူပေမဲ့ ကိုယ့်နိုင်ငံရဲ့ရွေးကောက်ပွဲ အနေအထားက ဒီမိုကရေစီခိုင်မာပြီးဖြစ်တဲ့ နိုင်ငံတွေရဲ့ ရွေးကောက်ပွဲနဲ့ မတူတဲ့အတွက် အဲဒီနိုင်ငံက မဲဆန္ဒရှင်တွေနဲ့မတူဘဲ ထည့်သွင်း စဉ်းစားရမယ့် အချက်တွေကို ပြည်သူတွေ သတိထားတတ်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။ အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု လိုလားတယ်ဆိုတဲ့ တိုင်းရင်းသားပြည်သူတွေ သဘောပေါက်နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စာရေးသူမြင်တာက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပေါင်းစည်းသွားတဲ့ ကချင်ပါတီ အောင်မြင်နိုင်ဖို့ဆိုရင် ပါတီပိုင်းနဲ့ ကချင်မဲဆန္ဒရှင်တွေ၊ တာဝန်နဲ့နားလည်ထားရမယ့် အချက်တွေ ကိုယ်စီရှိနေတယ်လို့ တွေးမြင်မိပါတယ်။
တော်လှန်ရေး (သို့) နိုင်ငံရေးလုပ်တယ်ဆိုတာ တောင်ယာခုတ်တာနဲ့တူတယ်လို့ ကွယ်လွန်ပြီဖြစ်တဲ့ သိက္ခာတော်ရ ဆရာတစ်ပါးက ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ တောင်ယာလုပ်တဲ့ တောင်သူတစ်ဦးအတွက် စပါးဘယ်နှစ်တင်းထွက်မယ်ဆိုတာ ခန့်မှန်းရခက်သလို တော်လှန်ရေး လုပ်တယ်ဆိုတာလည်း အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ အသတ်ပြောနိုင်တာ မဟုတ်။ ဒါပေမဲ့ လူတွေဟာ ထမင်းစားရမယ့် သတ္တဝါဖြစ်တဲ့အတွက် စပါးဘယ်နှစ်တင်းဘဲရရ ကိုယ့်ဝမ်းစာအတွက် တောင်ယာတော့ လုပ်နေရတယ်။ ထို့အတူ လူတွေဟာ လွတ်လပ်မှုနဲ့ တရားမျှတမှုကို လိုလားတဲ့ သတ္တဝါဖြစ်တဲ့အတွက် အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာထက် ဖိနှိပ်မှုရှိရင် တော်လှန်ရေးကိုတော့ လုပ်နေရမယ်ဆိုတဲ့ သဘောမျိုး ဆရာက ရေးခဲ့ပါတယ်။
ကျွန်နော့်အမြင်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတွေကို နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ပြုထားတယ်။ ဒါပေမဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားနေတဲ့ ကျွန်နော်တို့ရဲ့ နိုင်ငံမှာ၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ နိုင်ငံရေးလုပ်နေတာဟာ မြေသြဇာမကောင်းတဲ့ တောင်ယာမှာ စပါးစိုက်နေရတဲ့ တောင်သူတွေနဲ့ တူနေတယ်လို့ စဉ်းစားမိပါတယ်။ ဆိုလိုတာက ကိုယ်မျှော်မှန်းသလောက်တော့ မရနိုင်ပါ။ ဒီမိုကရေစီ အနစ်သာရ အကျိုးရလဒ်တွေကို မျှော်ကိုးပြီး ပါဝင်ထောက်ခံပါက ဒီမိုကရေစီခိုင်မာတဲ့ နိုင်ငံမဖြစ်သေးတော့ ထောက်ခံရကျိုးနပ်တယ်လို့ ခံစားရမယ် မဟုတ်ပါ။ ဒါပေမဲ့ အရင်က မရရှိခဲ့တဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်တွေကို အသုံးချပြီး ဒီမိုကရေစီကျင့်စဉ်များကို လက်တွေ့ ကျင့်ကြံနေရင်း နိုင်ငံရေးကို နားလည်ကျွမ်းဝင်မှု ရေချိန်တွေလည်း တိုးတက်လာရင် နောင်လာမယ့် အနာဂတ်အတွက် ကချင်နိုင်ငံရေးပါတီတွေနှင့် ပြည်သူတွေဟာ ရေကန်အသင့် ကြာအသင့် ဖြစ်လာနိုင်မှာဖြစ်ပါတယ်။
၂၀၂၀ အတွက် ကချင်နိုင်ငံရေးပါတီတွေ အားထုတ်ရမယ့်အချက်များ။
ကျွန်နော် စဉ်းစားမိတာက လူမျိုးကိုအခြေခံပြီး မှိုင်းတိုက်မဲဆွယ်စည်းရုံးခြင်းက ဒီမိုကရေစီစနစ်မှာ သိပ်အလုပ်ဖြစ်မယ်၊ မထင်ပါ။ ပြီးတော့ လူမျိုးမတူတဲ့ ပြည်သူတွေရဲ့ မဲကိုလည်းဂရုမစိုက် ပစ်ပယ်ရာရောက်ပြီး နိုင်ငံရေးအရ တွက်ခြေကိုက်တဲ့ကိစ္စ မဟုတ်သလို ပြည်ထောင်စုစိတ်ဓါတ်နဲ့လည်း သဟဇာတ မဖြစ်လှပါ။
ပါတီခေါင်းဆောင်ပိုင်းတွေကလွဲရင် ကချင်ပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်လာမယ့်သူ အများစုဟာ ပြည်သူတွေအတွက် နိုင်ငံရေးသမားမျက်နှာသစ်တွေ ဖြစ်လာနိုင်တဲ့အတွက် ရွေးကောက်ပွဲ နီးလာမှ ဖုတ်ပူမီးတိုက် မဲဆွယ်စည်းရုံးရုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဒါ့ကြောင့် ပါတီရဲ့ လူထုဆက်ဆံရေး (Public Relations Strategy) နဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး (Election Campaign Strategy) တွေကို ယခုကတည်းက စနစ်တကျ ပြင်ဆင်လုပ်ဆောင်နေဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
ပါတီဖွဲ့စည်းထားပေမဲ့ ပါတီရဲ့မူဝါဒတွေ၊ သဘောထားတွေ၊ လုပ်ဆောင်မှုတွေကို လူထုကြား မြှင့်တင်ဖြန့်ဝေနိုင်မှု အားနည်းသေးတယ်လို့ သုံးသပ်မိပါတယ်။ လူထုတွေကြားမှာ ပါတီမူဝါဒတွေအပြင် ပါတီခေါင်းဆောင်တွေရဲ့ သဘောထားအမြင်တွေကနေ ပြည်သူတွေကို နိုင်ငံရေး ပညာပေးနိုင်မှု စည်းရုံးတိမ်းသွင်းနိုင်မှုတွေ လုပ်နေရပါ့မယ်။ ဒါ့အပြင် ရွေးကောက်ပွဲ မဲဆွယ်ကာလရောက်လာမှ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ သဘောထားရပ်တည်ချက်တွေကို လူထုသိနေရခြင်းထက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာဖို့အလားအလာ ရှိသူတွေကိုလည်း အခုကတည်းက အနည်းနဲ့အများပွဲထုတ်ထားဖို့ လိုအပ်ပါတယ်။
အထက်မှာ အကြံပေးတဲ့ အချက်တွေအကောင်အထည်ဖော်နိုင်ဖို့ သိပ်ခက်ခဲလိမ့်မယ်လို့လည်း မထင်ပါ။ ဥပမာ၊ ပါတီစာစောင်ထုတ်ဝေနိုင်သလို၊ ဝက်ဆိုက် (website) မဟုတ်ရင်တောင် စနစ်တကျ စီမံခန့်ခွဲမှုရှိတဲ့ လူမှုကွန်ယက် စာမျက်နှာ (page)တစ်ခု ဖွင့်လှစ်ထားနိုင်ရင်လည်း ထိရောက်မှုရှိနိုင်ပါတယ်။ မဲဆွယ်မှုပုံစံတွေကိုလည်း သာမရိုးကျ မဲဆွယ်စည်းရုံးခြင်း နည်းတွေနဲ့ မလုံလောက်ဘဲ၊ အကုန်အကျသက်သာပြီး ထိရောက်မှုရှိနိုင်တဲ့ အခြားနည်းလမ်းတွေကိုလည်း စဉ်းစားဖန်တီးလုပ်ဆောင်ဖို့ လိုအပ်မယ်ထင်ပါတယ်။
လူထုတွေရဲ့အခန်းကဏ္ဍ။
၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ အထွေအထွေရွေးကောက်ပွဲနှစ်ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲသုံးကြိမ် ကျင်းပခဲ့ပြီးဖြစ်တဲ့အတွက် နောက်ထပ်မဲပေးတဲ့အခါ ပါတီတွေများသလောက်နဲ့တော့ ကချင်ပြည်သူတွေ မဲထည့်ရန်အခက်အခဲ မဖြစ်သင့်တော့ဘူး ထင်ပါရဲ့။ ဥပမာ – ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီက ရွေးကောက်ပွဲ မဝင်ဖို့ဆုံးဖြတ်တော့ ၎င်းပါတီဝင်တချို့ ပါတီရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး တည်ထောင်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ရွေးကောက်ပွဲဝင်တယ်။ မဲဆန္ဒနယ် (၁၆)နေရာထိနိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရွေးကောက်ပွဲဝင်တော့ NDF ဝင်ပြိုင်လည်း မနိုင်တော့တာကို တွေ့ရတယ်။ ၂၀၁၅ မှာလည်း အလားတူဖြစ်တာကို အားလုံးရဲ့အသိ ဖြစ်ပါတယ်။
ဒီအချက်တွေကိုကြည့်ပြီး ပြည်သူတွေရဲ့သဘောက ဘာကိုပြနေသလဲဆိုတော့ ကိုယ့်အတွက် ကြီးကြီးမားမားပြောင်းလဲသွားဖို့ မမျှော်လင့်ပေမဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကိုယ်မထောက်ခံတဲ့ပါတီ နောက်ထပ်နေရာ မရသွားဖို့အတွက် ရှိနေတဲ့ပါတီထဲက အကောင်းဆုံးပါတီကို ရွေးတဲ့သဘောလို့ သုံးသပ်ရပါတယ်။ (Protest vote သဘောဖြစ်ပါတယ်။)
ဘယ်သူနိုင်နိုင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စဉ်းစားမှုမျိုးဟာ သာမန်ကာလျှံကာ စဉ်းစားပြောဆိုမှု (သို့) ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ဆီသွားနိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေနဲ့ နစ်နာသွားနိုင်တဲ့ အခြေအနေတွေကို သုံးသပ်နိုင်မှု အားနည်းတယ်လို့ မြင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့အတိုင်း ကိုယ်မဲပေးလိုက်တဲ့ နိုင်ငံရေးပါတီ (သို့) ကိုယ်စားလှယ်ဟာ လူထုအတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အလားအလာနည်းကောင်း နည်းနေနိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအတွင်းတွင် ပြည်သူ့မဲနဲ့ ယူနိုင်တဲ့နေရာအားလုံးမှာ ကိုယ်မဲပေးလိုက်တဲ့သူတွေရှိနေဖို့ အရေးကြီးပါတယ်။
ကချင်ပြည်နယ်မှာ ဒေသခံပါတီတွေအနိုင်ရလို့လည်း ပြည်သူတွေအကျိုးခံစားရဖို့က ထင်သလောက်မများနိုင်ပေမဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်လို့ ပြောနေတဲ့ တိုင်းရင်းသား ပြည်သူတွေမှန်ရင် နက်နက်နဲနဲစဉ်းစားပြီး မဲပေးတဲ့တာဝန်ကို သတိထားကျေပြွန်ဖို့ လိုမယ်ထင်ပါတယ်။ မဲပေးရုံနဲ့လည်း မပြီးသေး ကိုယ့်မဲပေးမှုကြောင့် နေရာရနေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း မျက်စိစွင့်နားစွင့် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။
နောက်ဆုံး အနေနဲ့ ရှင်လုကာခရစ်ဝင်ကျမ်း အခန်းကြီး (၁၉)မှာ ခရစ်တော်ယေရှုပေးခဲ့တဲ့ ဥပမာထဲက သခင်ကိုအပြစ်ပြောပြီး ငွေသားပြန်အပ်တဲ့သူလို မဖြစ်ဖို့ ဆင်ခြင်ရပါမယ့်။ အဲဒီဥပမာထဲကလို သခင်ကကုန်သွယ်စီးပွားပြုလုပ်ဖို့ ပေးထားတဲ့ငွေသားကို နည်းတယ်ဆိုပြီး ဘာမှမလုပ်ဘဲ ပဝါနဲ့ထုပ်ထားတဲ့သူ မဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ်မျှော်လင့်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်လာဖို့မသေချာပေမဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံအတွင်းက ကျင့်သုံးနိုင်တဲ့ အခွင့်အရေးမှန်သမျှကို အားထုတ်ကျင့်သုံးတတ်ဖို့ လိုအပ်ပါကြောင်း ကျွန်နော့်အမြင်ကို မျှဝေခြင်းမျှသာ ဖြစ်ပါတယ်။