ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပါတီများ အောင်နိုင်မလား။
မရန်
စက်တင်ဘာ ၁၉
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် (၄၄)ရက်သာ လိုပါတော့တယ်။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကလည်း မဲဆွဲစည်းရုံးရေးတွေ စတင်နေပါပြီ။ လစ်လပ်သွားတဲ့ မြစ်ကြီးနား မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားလွှတ်တော် တစ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၆ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း (၆)ဦးတွင် ကချင်ပါတီတွေကိုယ်စား ကချင်ဒီမိုကရစ်တစ်ပါတီဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်းကလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါတယ်။ ၂၀၁၅တွင် ကချင်ပါတီတွေ ပူးပေါင်းခြင်းမရှိပဲ၊ ပါတီတိုင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမဲ့ အခုကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီများပူးပေါင်းလိုက်ပြီး ၎င်းတို့ပါတီကိုယ်စား ဦးကွမ်ဂေါင်အောင်ခမ်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။
ယခုရွေးကောက်ပွဲတွင် ကချင်လူထုမဲဆန္ဒရှင်တွေ အများဆုံးနေထိုင်တဲ့ အခုမဲဆန္ဒနယ်၌ ကချင်ပါတီ(၄)ပါတီ ပေါင်းစည်းပြီးနောက် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက်၊ ထွက်ပေါ်လာမယ့်ရလဒ်က စိတ်ဝင်စားစရာကောင်းနေပါတယ်။ ပေါင်းစည်းပြီးကချင်ပါတီတွေရဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အစမ်းစာမေးပွဲလိုလည်း ဖြစ်နေပါတယ်။
“ညီညွတ်ခြင်းသည် အင်းအားဆိုတာကို လက်တွေ့ပြနိုင်ဖို့က အခုကြားဖြတ်ရွေးကောက်ပွဲ ဖြစ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ညီညွတ်တဲ့ကချင်ပါတီတွေကနေ ရွေးချယ်လိုက်တဲ့ ဒီကိုယ်စားလှယ်လောင်းက မဲနိုင်သွားပြီဆိုလို့ရှိရင် ကချင်တွေရဲ့ညီညွတ်ခြင်းကို လက်တွေ့ကျကျပြသ နိုင်တာဖြစ်တယ်။”ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာတူးဂျာက ပြောပါတယ်။
အခုကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ခြေလှမ်းအစဖြစ်တယ်လို့လည်း သူကပြောပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ NLDပါတီကလည်း အခုကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးတွေ လုပ်ဆောင်နေပါတယ်။ NLDပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဆရာမ ဒေါ်ယမ်ခေါန် ယှဉ်ပြိုင်သွားမည် ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုး ပါတီမှဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကတော့ ကချင်မျိုးနွယ်စု လီဆူတိုင်းရင်းသား ဦးဆီဒူးဒွေ့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ လော်ဝေါ်တိုင်းရင်းသူ ဒေါ်အမ်ဒီခေါညွယ်ကတော့ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်း (၆)ဦးတွင် ကချင်လူမျိုး၎ဦးအထိ ပါဝင်နေတာကို တွေ့နေရပါတယ်။
ဒါကြောင့် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်မဲန္ဒရှင်တွေရဲ့မဲတွေ ကွဲသွားနိုင်ကြောင်း ကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုများလည်း ရှိနေပါတယ်။
“ဒီတစ်ခေါက် ကြားဖြတ်ရွေးကောက်ပွဲက ကချင်တွေများတယ်။ ပြိုင်ဆိုင်မှုတော့ ပြင်းထန်မယ်လို့ ထင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲက လူထုစိတ်ဝင်စားမှုလည်း နည်းတယ်။ မဲလာပေးတဲ့သူတွေလည်း နည်းတယ်။ ဒါကြောင့် လူထူကိုပိုစည်းရုံးနိုင်တဲ့သူက နိုင်မယ်လို့ထင်တယ်။”ဟု လူမှုအဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမုန်ဒန်က သုံးသပ်ပါတယ်။
ကချင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲဟာ အမျိုးသားလွှတ်တော် တစ်နေရာအတွက်သာဖြစ်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အစိုးရရာထူးနေရာတွေကို ရယူနိုင်မှာ မဟုတ်တဲ့အတွက် ပြည်သူလူထုတွေ စိတ်ဝင်စားမှုနည်းရခြင်း ဖြစ်တယ်လို့ ထောက်ပြပါတယ်။
၂၀၁၅ ကနေ ၂၀၂၀ အထိ လက်ရှိ NLDအစိုးရကို တာဝန်ပေးပေမဲ့ ပြည်သူလူထုတွေက အစိုးရရဲ့ စွမ်းဆောင်မှုတွေကို ကျေနပ်မှု မရှိကြတဲ့အတွက် အခုကြားဖြတ်ရွေးကောက်ပွဲတွင် ဒေသခံပါတီတွေ အောင်မြင်မှုရရှိနိုင်မယ်လို့ မျှော်လင့်မှုများရှိနေကြောင်းလည်း ပြောဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဟောပြောခဲ့ချိန် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့တဲ့စကားတွေက အမှန်တကယ်ဖြစ်မလာခြင်းဟာလည်း ကချင်လူထုအပါ် NLDပါတီရဲ့ သြဇာသက်ရောက်မှု လျော့နည်းလာရတဲ့ အကြောင်းရင်း ဖြစ်လာပါတယ်။
၎င်းတို့ပါတီ အစိုးရဖြစ်လာပါက မြစ်ဆုံစီမံကိန်းနဲ့ဆိုင်တဲ့စာချုပ်ကို ပြည်သူကိုချပြမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ယခုအထိ ချပြခြင်းမရှိခြင်း၊ NCA အမြန်ထိုးရန်တိုက်တွန်းခြင်း၊ ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်တွေ ပိုမိုတိုးလာခြင်း၊ ပြည်သူလူထုတွေ သဘောမတူပဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတွေ စိုက်ထူးခြင်းနဲ့ တိုက်ပွဲကြောင့် ပိတ်မိနေတဲ့အရပ်သားတွေ လွတ်မြောက်ရန်ဆန္ဒထုတ်ဖေါ်ခဲ့တဲ့ ဦးဆောင်သူတွေကို တရားစွဲဆိုခြင်း စတဲ့အကြောင်းရင်းတွေက NLDပါတီအပေါ် ကချင်လူထုက အာရုံစိုက်မှု နည်းလာတဲ့အချက်တွေ ဖြစ်ပါတယ်။ ထိုအချက်တွေက တိုင်းရင်းသားပါတီတွေရဲ့ အားသာချက် ဖြစ်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရအုန်းမည် ဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ခါ ကြားဖြတ်ရွေးကောက်ပွဲဟာ ဒေသခံတိုင်းရင်းသားပါတီတွေ အပြတ်အသတ်မနိုင်ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲလို ဆိုးဆိုးရွားရွားတော့ ဖြစ်နိုင်ခြေမရှိကြောင်းလည်း သုံးသပ်ကြပါတယ်။
“ယှဉ်ကြည့်ရင်တော့ ကျွန်တော်တို့ ကချင်ပြည်သူတွေ လိုလားနေသလို ပါတီတွေလည်း ပေါင်းစည်းလာပြီဆိုတော့ ၂၀၁၅ လိုတော့ ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်လောက်တော့ဘူးလို့ ထင်တယ်။”ဟု ပါတီပေါင်းစည်းရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူ ဦးဇော်ဂျတ်ကဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတွင် အခုပေါင်းစည်းခဲ့တဲ့ ၄ပါတီစလုံးက တစ်ပါတီချင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။ ဒေါက်တာတူးဂျာ ခေါင်းဆောင်တဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီက အင်ဂျန်ယန်မြို့နယ် မဲဆန္ဒနယ်သုံးနေရာနဲ့ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်တစ်နေရာတွင် အနိုင်ရရှိခဲ့ပြီး ကျန်ကချင်ပါတီတွေက အနိုင်ရရှိခြင်း မရှိခဲ့ပဲ၊ NLDပါတီသာ နေရာတော်တော်များများတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
“ပြီးခဲ့တဲ့ရွေးကောက်ပွဲကတော့ ဒီချုပ်(NLD)နိုင်မယ်ဆိုတာကို အပြီးသတ်ပြောလို့ရတယ်။ ဒါပေမဲ့ အခုကြားဖြတ်ရွေးကောက်ပွဲမှာက မဲဆွဲစည်းရုံးရေးအတွက်ကိုလည်း ကျွန်မအနေနဲ့ပြောရရင် ပြည်သူတွေလည်း စိတ်ဝင်စားမှု မရှိဘူး။ ရပ်ကွက်ရုံးတွေတိုင်းမှာ မဲစားရင်းထဲမှာပါမပါတောင် ကြည့်ဖို့လူရှိတာတွေ မရှိတဲ့အတွက် ဘယ်သူနိုင်မယ် မနိုင်ဘူးဆိုတာ သိပ်ပြောရခက်တယ်။”ဟု ရှမ်းတိုင်းရင်းသူ မသင်းသင်းနွယ်ကဆိုပါတယ်။
ကချင်ပါတီ ၄ပါတီက အမှန်တကယ်ပူးပေါင်းပြီး စည်းစည်းလုံးလုံးလုပ်မယ်ဆိုရင်တော့ ကချင်၎ပါတီလည်း နိုင်နိုင်ခြေလည်း ရှိပါတယ်လို့ မသင်းသင်းနွယ်က ဆက်လက်ပြောဆိုပါတယ်။
ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲနိုင်ဖို့ တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံသားတွေကိုလည်း မေ့ထားလို့မရကြောင်း အထက်တန်းရှေ့နေ ဦးဂဲနက်ကဆိုပါတယ်။
“ပြီးတော့အထူးအရေးကြီးဆုံးနဲ့ မပြောမဖြစ်ပြောလိုတာတစ်ခုတော့၊ တိုင်းရင်းသားမဟုတ်သော ဥပဒေအရနိုင်ငံသားများဖြစ်တဲ့ ဂေါ်ရခါးလူမျိုးတွေပါ မြစ်ကြီးနားမြို့မှာ မဲပေးနိုင်တဲ့ဂေါ်ရခါးလူမျိုး အရေအတွက် ၂၀၀၀၀နီးပါးခန့်ရှိနေသလို တရုတ်၊ မွတ်ဆလင်၊ ဆစ်ခ်၊ ဟိန္ဒူစတန်နီ လူမျိုးတွေရဲ့မဲကိုပါ”ဟုလည်း သုံးသပ်ပါတယ်။
ပြီးတော့၎င်းက သုံးသပ်ပြောဆိုဒီမှာ “ကျနော့်အမြင်အရ ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီအနိုင်ရမလဲလို့ မေးရင်၊ အပိုင်မဲအသင့်ရှိနေတဲ့ တပ်မတော်နဲ့နီးစပ်တဲ့ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရသွားနိုင်တယ်လို့ သုံးသပ်မိပါတယ်”ဟုလည်း ပြောဆိုထားပါတယ်။
၂၀၁၀ တွင် အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်းဖြိုးပါတီကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာကတော့ ကချင်ပြည်နယ်မှာ မချမ်းဘော့နဲ့ နောင်မွန် မဲဆန္ဒနယ်တချို့တွေသာ အနိုင်ရရှိခဲ့ပါတယ်။
အခုကြားဖြတ်ရွေးကောက်ပွဲတွင် ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် အသီးသီး အနိုင်ရရှိခဲ့ကြတဲ့ ပြည်ခိုင်းဖြိုးနဲ့ NLDပါတီ တစ်ခုခုက အနိုင်ရသွားမလား ဒါမှမဟုတ် ဒေသခံပါတီတစ်ခုခုက အနိုင်ရသွားမလားဆိုတာကတော့ စိတ်ဝင်စားစရာလည်း ဖြစ်ပါတယ်။
အခုကျင်းပသွားမယ့် မဲဆန္ဒနယ်တွင် ကချင်လူမျိုး ၄၀ရာခိုင်နှုန်းထိ နေထိုင်တဲ့အတွက် ကချင်ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ကောင်းကောင်းဆင်းနိင်ပါက အနိုင်ရသွားနိုင်ကြောင်း မြန်မာနိင်ငံလုံးဆိုင်ရာ တိုင်းရင်းသားမဟာမိတ် (အတွင်းရေးမှူးအဖွဲ့ဝင်) ကိုဘရန်ကြွယ်က သုံးသပ်ပါတယ်။
“ကချင်ကိုယ်စားလှယ်က မဲအနည်းငယ်အသာနဲ့နိုင်ရင်လည်း နိုင်သွားနိုင်တယ်။ ဒါပေမဲ့ ကချင်တွေအများပိုင်းက ကြားဖြတ်ရွေးကောက်ပွဲကို မသိကြစိတ်မဝင်စားကြတာများတယ်။ အဲဒါက ကချင်ပါတီတွေအတွက် စိန်ခေါ်မှုကြီးတစ်ခုပဲ။”ဟု ကိုဘရန်ကြွယ်က ဆိုပါတယ်။