ငြိမ်းချမ်းရေးစကားကြားမှ တိုးပွားလာသည့်မြေဇာပင်များ
မရန်
ဇွန် ၆
ရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်ပျံဖြင့် လာရောက်ပစ်ခတ်ခြင်းများကို ခံရချိန်မှာတော့ ဒေါ်ရွယ်ဂျားတစ်ယောက် ရွာကနေအသက်လွတ်ရာ ထွက်ပြေးဖို့ ကမန်းကတန်း မြန်မြန်ဆန်ဆန် ပြင်ဆင်ပါတော့သည်။ ဆန်များကိုလည်း ကတိုက်ကရိုက် ပြာဖွပ်လျှက် ထုပ်ပိုးနေခဲ့သည်။ ရွာကနေထွက်ပြေးပြီး တောတွင်နေထိုင်စဉ် စားသောက်ဖို့ ဆန်နဲ့အဝတ်အစား အနည်းငယ်ကို နွားလှည်းဖြင့် သယ်ယူသွားရန် အဖေနဲ့သားက နွားသွားရှာကြသည်။
နွားသွားရှာသည့် သားအဖနှစ်ယောက်၏ သတင်းကြားရချိန်မှာတော့ အိမ်တွင်ထွက်ပြေးရန် ဗျာများနေသည့် ဒေါ်ရွယ်ဂျား သတိလစ်သွားသည်။ တနိုင်းဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးသည် နွားရှာပြီးပြန်လာသော သားအဖရှေ့တွင် ကျရောက်ကာ သားဖြစ်သူက အသက်ဆုံးသွားပြီး အဖေဖြစ်သူ၏ ခြေထောက်တွင် ဒဏ်ရာရခဲ့သည့် သတင်းကြောင့်ဖြစ်သည်။
လေယာဉ်ဗုံးဆံများ၊ လက်နက်ကြီးကျည်များကြား သားဖြစ်သူကို မြေမြုပ်သင်္ဂြိုလ်ရမည်ဖြစ်သလို သူတို့ကျန်ရစ်သူ မိသားစုများလည်း ရွာမှအမြန်ဆုံးထွက်ပြေးရတော့မည့် အချိန်လည်းဖြစ်သည်။ လက်နက်ကြီးများ ဆက်တိုက်ပစ်နေသည့်အတွက် သားဖြစ်သူအား ဆုတောင်း သင်္ဂြိုလ်ပေးမည့် ဘာသာရေးဆရာများပင် ရွာမှာမရှိတော့ပေ။ ထို့ကြောင့်တိမ်းရှောင် ပုန်းအောင်းနေသည့် တောထဲမှ ဘာသာရေးဆရာအချို့ကှို သွားရောက်ခေါ်ပြီး လူဆယ်ယောက်ခန့်နှင့် အလျှင်စလို မြေမြုပ်သင်္ဂြိုလ်ခဲ့ရသည်။
“သင်္ဂျိုင်းမှာဒီတိုင်း မြုပ်လိုက်တယ်။ အိမ်မှာလည်းဆုတောင် မတောင်းလိုက်ရဘူး။ သားကြီးက အမေရယ် ရွာမှာဘယ်သူမှမရှိတော့ဘူးလို့ ထွက်ပြေးရအောင်လို့ ပြောတယ်။ ကျွန်မကတော့ မထွက်ပြေးတော့ဘူး။ ဒီမှာပဲသေပါစေ။ မင်းအဖေလည်း ဒဏ်ရာနဲ့ ဘယ်သူသယ်ပေးမလို့လဲ ပြောတော့၊ သူကကြောက်လာပြီဆိုပြီး (သူ့)အဖေကို ဆိုင်ကယ်ပေါ်တင်ပြီး ခေါ်သွားတယ်။ အဲဒီညက ရွာနားက လယ်ကွင်းမှာအိပ်တယ်။”ဟု ဒေါ်ရွယ်ဂျားက ဆိုသည်။
ဒေါ်ရွယ်ဂျားသည် ဧပြီလ ၁၁မှစပြီး တောတွင်းတစ်လခန့်ကြာသည်အထိ ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်ပြီးမှ မြစ်ကြီးနား ဆယ်မိုင်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။
“အဲဒီနေ့က လက်နက်ကြီးတွေ လေယာဉ်ပျံတွေနဲ့ မရပ်မနားပဲပစ်တော့ အကုန်ကြောက်ပြီး ထွက်ပြေးကြတယ်။”ဟု စထွက်ပြေးလာသည့်နေ့က အဖြစ်အပျက်ကို ဒေါ်ရွယ်ဂျားက ပြန်လည်ပြောပြသည်။
ဒေါ်ရွယ်ဂျားကဲ့သို့ပြင် လက်ရှိ အန်အယ်ဒီ အစိုးရလက်ထက် ၂၀၁၈ ဧပြီလမှစ၍ ကချင်ပြည်နယ်အနှံ့ ဒုက္ခသည်များ အသစ်ထပ်မံတိုးလာသည်မှာ အယောက် ၄ထောင်ခန့်ရှိပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစတင်သည့် ကချင်ဒေသတကျော့ပြန်စစ် (၇)နှစ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ပြေးဒုက္ခသည်ပေါင်း ၁၆၀၀၀၀ခန့် ရှိနေပြီဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း တိုးတက်လာခြင်း မရှိသည်ဟု ဝေဖန်ခံနေရသလို ၂၁ရာစု ပင်လုံညီလာခံကျင်းပမည့်ရက်များကိုလည်း ရွှေ့ဆိုင်းနေရသည်။
စစ်ရေးကိုအသုံးပြုပြီး ဖြေရှင်းနေသည့် နောက်ဆက်တွဲအနေဖြင့် စစ်ဘေးဒုက္ခသည်များ တိုးများလာခြင်းဖြစ်သည်ဟု တနိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးကဆိုသည်။
“ငြိမ်းချမ်းရေးကို ရယူဖို့က ပထမအဆင့်အရေးကြီးဆုံးက စစ်ရေးနည်းလမ်းဖြင့် မသုံးပါနဲ့။ မသုံးပဲနဲ့ တွေ့ဆုံဆွေးနွေးမှု၊ လျှော့သင့်တဲ့ အနေအထားတွေ လျှော့ကြပေါ့။ အဓိက စစ်ရေးနည်းလမ်းနဲ့ အသုံးပြုလိုက်လို့ရှိရင် နောက်ဆက်တွဲတွေက အများကြီးပါလာတယ်ပေါ့။ အခုဆို ကျွန်တော်တို့ တနိုင်းတို့က စစ်ရေးကို အသုံးပြုထားတဲ့အချိန် နောက်ဆက်တွဲပြသနာတွေ အများကြီးဖြစ်လာတယ်။”ဟု ၎င်းကသုံးသပ်သည်။
ကေအိုင်အေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနော်ဘူကလည်း ၎င်းတို့ ရှိရာစခန်းများသို့ ထိုးစစ်ဆင် ပစ်ခတ်နေမှုသည် ကေအိုင်အေကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)ကို လက်မှတ်ထိုးဖို့ ဖိအားပေးနေသည်ဟု သုံးသပ်မိကြောင်း ဆိုသည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ စာရင်းအရ ယခုနှစ် ဧပြီလမှမေလထိ မိမိတို့၏နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်ပေါင်း ၄၀၀၀ ဝန်ကျင်ရှိသည်။ ထွက်ပြေးတိမ်းရှောင်သူများသည် ဖားကန့်မြို့နယ် မံဝေဒေသ၊ မိုးကောင်းမြို့နယ် နမ္မတီးကဆုန့်ဒေသ၊ တနိုင်းမြို့နယ် အောင်လောဒ်အနီးမှ ကျေးရွာများ၊ ချီဖွေမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် အင်ဂျန်ယန်မြို့နယ်တို့မှ ဒုက္ခသည်များဖြစ်ကြသည်။
အချို့ကျေးရွာများမှ ပြည်သူများသည် ရွာအတွင်း တိုက်ပွဲဖြစ်ပွားလာသည့်အတွက် ထွက်ပြေးလာကြသူများဖြစ်သလို အချို့က တိုက်ပွဲမဖြစ်သော်လည်း တပ်မတော်မှ အင်းအားတိုးကာ ရွာဘက်သို့ ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်၍ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့မှ ဒုက္ခသည်ကူညီစောင့်ရှောက်ရေး တာဝန်ခံ ဆရာခါးလီက ဆိုသည်။
“ကျွန်တော်က ဒီတိုင်း လမ်းလျှောက်တယ်ဆိုတော့။ ခြေသလုံးတွေကလည်း သစ်ပင်နဲ့တိုက်မိပြီး အကုန်ရောင်ကုန်ပြီ။ ကုန်းတက်တွေမှာလည်း ခဏခဏလဲနေတာ။”ဟု ၃ရက်ကြာ လမ်းလျှောက် ထွက်ပြေးခဲ့ရသည့် မျက်မမြင် ဦးဆိုင်းအောင်က ၎င်း၏အတွေ့အကြုံကို ပြောပြသည်။
သူသည် ကဆုန့်ကျေးရွာအနီးရှိ ဇွပ်မိုင်ကျေးရွာမှဖြစ်ပြီး ဧပြီလ ၂၀ရက်နေ့တွင် ကျေးရွာ၌ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားလာသည့်အတွက် ထွက်ပြေးလာပြီး ယခုအချိန် နမ္မတီးတွင် ခိုလှုံနေသူလည်းဖြစ်သည်။ ယခုနှစ်အတွင်း ထပ်မံထွက်ပြေးလာသည့် ဒုက္ခသည်များတွင် တနိုင်းအောင်လောဒ် ဒုက္ခသည်များသည် များစွာ ဒုက္ခရောက်ခဲ့ကြသူများဖြစ်သည်။
၎င်းတို့ထွက်ပြေးလာစဉ် အောင်လောဒ် တနိုင်းလမ်း (နဂိုလမ်း)အတိုင်း တပ်မတော်နှင့်ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် တောတောင်များကိုပတ်ကာ လမ်းကြောင်းရှာထွက်ပြေးခဲ့ရာ တစ်လခန့်အကြာတွင် တောတောင်များ၌ ပိတ်မိရာကနေ လွတ်မြောက်လာသည့် ပြည်သူများ ဖြစ်သည်။
ဖားကန့်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါသျှီလဆိုင်းက ယခုစစ်ဘေးဒုက္ခသည်များသည် အမှန်တကယ် ၎င်းတို့နေရာတွင် နေမရတော့သည့်အတွက် ထွက်ပြေးလာသလား။ သို့မဟုတ် တဖက်ဖက်ကနေ မထွက်ပြေးချင်သူများကို ရွှေ့ပြောင်းအောင် လုပ်သလားဆိုတာ၊ စုံစမ်းရမည်ဟု ၎င်းတစ်ဦးတည်း၏အမြင်အရ သုံးသပ်ကြောင်းပြောသည်။
“တိုက်ပွဲတော့ရှိတော့ရှိတယ်။ ရှိသော်လည်း နေရာအချို့မှာတွေက မရွှေ့ပြောင်းတဲ့ သူတွေလည်းရှိတယ်။ မရွှေ့ပြောင်းပြီးနေတဲ့သူတွေလည်း အများကြီးရှိကြတယ်။ ပြီးတော့ ဖားကန့်မှာဆို ကံဆီးဘက်မှာဆို ဒေသခံတွေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာနေတယ်။ တချို့က အဲဘက်က ရွှေတူးစား၊ တောင်ယာလုပ်စားတဲ့သူတွေလည်း အများကြီးရှိတယ်။”ဟု ဒါသျှီလဆိုင်းကဆိုသည်။
ဒုက္ခသည်များသည် တောတွင်းမှ မိုးထဲလေထဲ တောတောင်များကိုဖြတ်ကျော်ကာ တစ်လနီးပါးကြာပြီးနောက် မြို့ပေါ်သို့ရောက်ရှိခဲ့ကြသော်လည်း သက်ဆိုင်ရာအစိုးရမှ ဒုက္ခသည်စခန်း တရားဝင်သတ်မှတ်ပေးခြင်း မရှိသလို၊ ကူညီမှုများလည်း အားနည်းနေကြောင်း အချို့ပြည်သူများက သုံးသပ်ကြသည်။ ဒုက္ခသည်များကိုအဓိက ကူညီနေသည့် ဆရာခါးလီက ၎င်းတို့အနေဖြင့်လည်း တတ်နိုင်သလောက် ကူညီနေသော်လည်း ရေရှည်အတွက် ဘာလုပ်ရမည်ကို မဆုံးဖြတ်နိုင်သေးကြောင်း ဆိုသည်။
“ကူညီဖို့ကအရေးပေါ် သုံးလအတွက်တော့ ကျွန်တော်တို့ ပြင်ဆင်နေတာ။ အဲတာပြီးရင်တော့ funding တွေလည်း မရသေးဘူး။ ဘာလုပ်မယ်ဆိုတာတော့ မသိသေးဘူး။ သုံးလအထိပဲ စဉ်းစားထားတယ်။ ပြီးမှပြန်နိုင်ရင်ပြန် မပြန်နိုင်ရင်လည်း တစ်ခုခုလုပ်ရအောင်လို့ ဆုံးဖြတ်ထားကြတယ်။”ဟု ဆရာခါးလီကဆိုသည်။
တနိုင်းဒေသတွင် ဒုက္ခသည်စခန်းများ တရားဝင်မဖွင့်ဖို့ တပ်မတော်က ဘုရားကျောင်းများသို့ လာရောက်ပြောဆိုမှုများလည်း ရှိကြောင်း အသင်းတော်မှ တာဝန်ရှိသူများကဆိုသည်။ ထိုကိစ္စအပေါ် တနိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက “ဒုက္ခသည်စခန်း တရားဝင်မဖွင့်ဖို့ ပြောသံတွေတော့ ကြားတယ်ပေါ့။ သို့သော်များလည်း အခုအနေအထားပေါ့ တိုက်ပွဲဖြစ်တော့ တိုက်ပွဲရှောင်ပေါ့။ စစ်ဖြစ်တော့လည်း စစ်ရှောင်တော့ရှိမှာပေါ့။ အခုရေရှည်ကတော့ ဘာသာရေးဆရာတွေ ကျောင်းမှာဒီတိုင်းနေရတော့ အခုဆိုလို့ရှိရင် အောင်လောဒ်ဘက်က ရွာသုံးရွာကလည်း ရောက်လာတယ်ဆိုတော့ ရေရှည်ကြတော့ မလွယ်တော့ဘူး။”ဟု ဆိုသည်။
တနိုင်းရောက်ဒုက္ခသည်များအတွက် ဒုက္ခသည်စခန်းများအား အစိုးရမှ တရားဝင်ဆောင်ရွက်ပေးပြီး ဒုက္ခသည်များ၏ လိုအပ်နေသည့် စားဝတ်နေရေး၊ ပညာရေး၊ လူမှုဘဝလုံခြုံရေး စသော အခက်အခဲများကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးပါရန် တနိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့နှစ်ဦးမှ မေလ ၂၂ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ စာတင်ခဲ့ကြသည်။
ဒုက္ခသည်များ လွတ်လွတ်လပ်လပ် နေနိုင်ရန်မှာအရေးကြီးကြောင်းနှင့် နေရပ်မပြန်နိုင်သေးသည့် အချိန်မှာလည်း မြို့အနီးမှာ သူတို့နေချင်လျှင် နေနိုင်သည့်အခွင့်အရေး ပေးရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးများကို တာဝန်ရှိသူများက တာဝန်ယူကာ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းကအစ ကူညီပေးရမည်ဖြစ်ကြောင်း၊ KDP ပါတီ ဥက္ကဌ ဦးအောင်ခမ်းက သုံးသပ်ပြောဆိုထားသည်။
“အခန်းကျဉ်းထဲမှာပဲ ဒီတိုင်းထားရင် စိတ်ထိခိုက်မှု စိတ်ဝေဒနာတွေလည်း များတယ်။ ဒုက္ခသည်တွေ ပညာရေးကအစပေါ့။ ကျွန်တော်တို့ အားလုံးကလည်း လူသားချင်စာနာစိတ်နဲ့ ကူညီရမယ်။ ဒါပေမဲ့ ကြာလာရင်တော့ မကောင်းဘူး။ ဒီအတိုင်းဆို ကျွန်တော်တို့ ကချင်လူမျိုးတွေ တဖြည်းဖြည်းပျောက်သွားနိုင်တယ်။ လူမျိုးတုန်းသွားနိုင်တယ်။ ဒါကြောင့် အမြန်ဆုံးငြိမ်းချမ်းရေး တည်ဆောက်ဖို့က တပ်မတော်က ထိုးစစ်ရပ်ပြီး နိုင်ငံရေးစကားပြောမှုတွေ လုပ်ရမယ်။”ဟု ဦးအောင်ခမ်းကဆိုသည်။
ထို့အပြင် ဆရာခါးလီက ဒုက္ခသည်များအတွက် နိုင်ငံတကာမှအကူအညီပေးသည့် ထောက်ပံ့မှုများလည်း တစ်နှစ်ပြီးတစ်နှစ် ပိုပိုလျော့နည်းလာကြောင်းလည်း ဆိုသည်။ ၂၀၁၁ တိုက်ပွဲစဖြစ်ကတည်းက နေလာသူတွေအတွက်လည်း ကြာလာသည်နှင့်အမျှ ပိုပိုဒုက္ခသည်ဖြစ်လာကြောင်းလည်း ဆိုသည်။
“ကြာလာရင်တော့ မလွယ်ဘူး။ လူမှုရေးပြသနာတွေလည်း ဖြစ်လာတယ်။ အခန်းကျဉ်းထဲမှာ လူအများကြီးနေရတာတွေဖြစ်တယ်။ ပညာရေးပိုင်းမှာလည်း ကျောင်းတော့တက်နိုင်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးကအရမ်းကြိုးစားရတယ်။ ပြီးတော့ နောက်ကနေ ပံ့ပိုးတာတွေများတယ်။ အဲလိုမထောက်ပံ့နိုင်တဲ့ သူတွေအတွက်လည်း ၁၀တန်းလည်းကျတာပဲ။ ဇီလွန်မှာမနှစ်က အယောက် ၄၀ကျော် ၁၀တန်းဖြေတယ်။ တစ်ယောက်မှ မအောင်ဘူး။”ဟု ဆရာခါးလီကဆိုသည်။
တနိုင်းနှင့်ဝိုင်းမော်မြို့နယ် ဂျူဗလီဘက်မှ ဒုက္ခသည်များကို နေရပ်ပြန်လိုပါက ပြန်လာနိုင်ကြောင်း တပ်မတော်မှ ပြောဆိုမှုများရှိသော်လည်း ယခုအချိန်ထိတော့ နေရပ်ပြန်လာနေသူများ မရှိသေးကြောင်း သိရသည်။
“အခုကြားရသလောက် နေရပ်ပြန်မနေကြဘူး။ မပြန်ကြဘူးဆိုလည်း ခက်တာက တိုက်ပွဲထဖြစ်လာပြီဆိုရင် သူတို့ကစိုးရိမ်လို့ပေါ့။ စိုးရိမ်ရတဲ့ အနေအထားတွေရှိတာပေါ့။ ဒါကြောင့် မပြန်ရဲကြတာပေါ့။ တချို့တနိုင်းမှာရောက်နေတဲ့သူတွေ မြစ်ကြီးနား စခန်းတွေမှာ ပြောင်းရွှေ့နေကြတယ်။”ဟု ဦးလင်းလင်းဦး ဆိုသည်။
ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်သိန်းလွင်ကလည်း စစ်ဘေးဒုက္ခသည်များနှင့် နေရပ်ပြန်ရေးကိစ္စကို မေလ ၁၁ရက်နေ့၌ သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ယခုလိုပြောဆိုခဲ့သည်။
“နမ္မတီးမှာဆွေးနွေးကြတာ သူတို့ဘယ်အချိန်ပြန်မလဲ။ သူတို့ကမပြန်ရဲဘူး။ ပြန်ချင်တယ်။ ဒါဆိုဒီဘက်က ဘာမေးလဲဆိုတော့ အဲဒီကဆုန့်ရွာမှာ တိုက်ပွဲဖြစ်သလား (၁)မေးတယ်။ မဖြစ်ပါဘူးခင်ဗျား။ (၂) အဲမှာလက်နက်ကိုင် အဖွဲ့အစည်းတပ်က ရှိသလား။ မရှိပါဘူးခင်ဗျား။ (၃) ဟိုဘက်က လက်နက်ကိုင်အဖွဲ့ကော ရှိသလား။ မရှိပါဘူးခင်ဗျား။ ဒါဆိုပြန်ဖို့အဆင်သင့်ပဲ။ ပြန်ချင်တဲ့အချိန်ကျရင် အချိန်မရွေးဖုန်းဆက်ပါ။ ကျွန်တော့်မှာ လမ်းပန်းဝန်ကြီးရှိတယ်။ ကားအချိန်မရွေး ကူညီလို့ရတယ်။ နောက်ကျွန်တ်ာတို့ ကယ်ပြန်တို့ အခြားအဖွဲ့တွေကို ရိက္ခာတွေပါပေးလိုက်ပြီ။ အဲဒီတော့ ဘာကြောင့် မပြန်တာလဲ။ ဘာကြောင့် မပြန်ချင်ဘူးလဲဆိုရင် ကျွန်တော်မဖြေတတ်ဘူး။”
လက်ရှိအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ကြိုးစားနေချိန်တွင် ယခုကဲ့သို့ စစ်ဘေးဒုက္ခသည်များ ပိုမိုများပြားလာခြင်းသည် လက်ရှိ ငြိမ်းချမ်းရေးလမ်းစဉ်အား တိုက်ရိုက်ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
“စစ်ဘေးဒုက္ခသည်တွေများလာတာက ငြိမ်းချမ်းရေးလမ်းကြောင်းကို တိုက်ရိုက်ထိခိုက်တယ်လို့ မြင်တယ်။ ဗမာတပ်က နယ်မြေစိုးမိုးမှုလိုလားတဲ့အတွက် ထိုးစစ်ဆင်တယ်။ ထိုးစစ်ဆင်တာနဲ့ တစ်ပြိုင်နက် ပြည်သူတွေက ဒုက္ခတွေရောက်ပြီ။ အဓိကက ပြည်သူတွေပဲဒုက္ခရောက်တာ။”ဟု ဦးအောင်ခမ်းက သုံးသပ်ပြောဆိုသည်။
ဆရာခါးလီက ပြောပြရာတွင် စစ်ဘေးဒုက္ခသည်များကို ကယ်ထုတ်သည့် ၎င်း၏အတွေ့အကြုံများအရ အစိုးရက ခွင့်ပြုသော်လည်း တပ်ကခွင့်မပြုပါက လုပ်ဆောင်လို့ မရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည့်အတွက် လက်ရှိအစိုးရအနေဖြင့် တပ်မတော်နှင့် ညှိနှိုင်းရာတွင် အခက်အခဲများစွာ ရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။
ဒေါ်ရွယ်ဂျားကတော့ ရွာတွင်သူမပါပဲမြုပ်ထားခဲ့သည့် သား၏သင်္ဂျိုင်းကို သွားကြည့်ချင်နေသည့်စိတ်က ထက်သန်နေဆဲဖြစ်သည်။
“ရွာကို အရမ်းပြန်ချင်တယ်။ ကလေးကို ဘယ်မှာဘယ်လိုမြုပ်ထားတာကို သွားကြည့်ချင်တယ်။ သွားမနေရရင်လည်း သူတို့မရှိတော့ရင်တော့ သားကို မြုပ်ထားတဲ့နေရာကို သွားကြည့်ချင်တယ်။”