တပ်မတော်မှ တရားစွဲထားသည့် လူငယ်သပိတ်ဦးဆောင်သူ ၃ဦးအားမေလ ၂၁ နေ့ ပြန်လည် ရုံးချိန်း
ပိတ်မိ ပြည်သူများလွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခြင်း ဦးဆောင်ကော်မတီဝင် သုံးဦးကို ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးမှ တရားလိုပြုလုပ်ကာ အသရေဖျက်မှုဖြင့် တရားစွဲဆိုထားပြီး ယနေ့မြစ်ကြီးနားမြို့နယ် တရားရုံးတွင် အမှုသွားရောက် ရင်ဆိုင်ခဲ့သော်လည်း တရားသူကြီးက မေလ(၂၁) ရက်နေ့သို့ ရုံးချိန်းကို ပြန်လည်ခေါ်ဆို ခဲ့ကြောင်း တရားစွဲခံရသူ တစ်ဦးဖြစ်တဲ့ ကိုလွမ်းဇောင်းက ပြောသည်။
“ကိုဇော်ဂျတ်နဲ့ ကျွန်တော်ကတော့ အာမခံနဲ့ တရားရင်ဆိုင်ဖို့ ပြင်ဆင်ထားပါပြီ၊ ဒီနေ့စွပ်စွဲ ခံထားရတဲ့ သုံးဦးတော့ မစုံဘူး၊ ဆရာမနန်ပူက ခရီးလွန်နေလို့ခွင့်တင်ထားတယ်၊ ပိတ်မိပြည်သူတွေကို ကူညီပေးဖို့ အစိုးရကို တောင်းဆိုခဲ့တာဖြစ်တယ်၊ ကျွန်တော်တို့လုပ်ဆောင်ခဲ့တာလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲလုပ်ဆောင် ခဲ့တယ်၊ ဘယ်အဖွဲ့အစည်း တစ်ဦးတစ်ယောက်ကိုမှ နစ်နာစေတဲ့ရည်ရွယ်ချက် မပါပါဘူး”ဟု ကိုလွမ်းဇောင်းက ဆိုသည်။
တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးကတော့ (ဆန္ဒထုတ်ဖေါ်ခြင်းကို ဦးဆောင်ခဲ့တဲ့ကော်မတီဝင်) သုံးဦးရဲ့ပြောဆိုချက် အပေါ်မှာမူတည်ပြီး တရားစွဲဆိုထားခြင်းဖြစ်ပြီး မည်သည့်ပြောဆိုချက်အပေါ် အဓိက တရားစွဲဆိုရခြင်းဖြစ်ကြောင်းကိုတော့ ဖြေဆိုခဲ့ခြင်းမရှိပေ။
အဆိုပါတရားစွဲခံရမှုတွင် ပါဝင်သူ ဦးဇော်ဂျတ်ကတော့ ကချင်လူငယ်များဆန္ဒထုတ်ဖေါ်ခဲ့စဉ်က ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီးတို့နှင့် ကချင်လူငယ်ထုကိုယ်စားလှယ်များ၏ တွေ့ဆုံမှုအတွင်း ၎င်းတို့ ဆွေးနွေး ပြောဆိုခဲ့သည့် အတိုင်းသာ သတင်းမီဒီယာများကို ပြန်ပြောခဲ့ခြင်းသာရှိသောကြောင့် မည်သည့်ပြောဆိုချက်အပေါ် အမှုဖွင့်ခံရခြင်းဖြစ်သည်ကို သိလိုကြောင်း တရားရုံးတွင်တောင်းဆိုခဲ့သော်လည်း သိခွင့်မရသေးဟု ပြောသည်။
မေလ (၉) ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့နယ်ရဲမှူးက ငြိမ်းစုစည်းဥပဒေ ပုဒ်မ ၁၉ ဖြင့် မြို့နယ်တရားရုံးတွင် တိုက်ပွဲကြား ပိတ်မိပြည်သူများ လွတ်မြောက်ရေး ဆန္ဒထုတ်ဖေါ်လှုပ်ရှားမှု၏ ဦးဆောင်သူများဖြစ်တဲ့ ကိုလွမ်းဇောင်း နဲ့ မဆွတ်ဆိုင်းထွယ်တို့နှစ်ဦးကို အမှုဖွင့်တရားစွဲဆိုခဲ့တာကြောင့် ဒဏ်ငွေ သုံးသောင်း ပေးဆောင်ခဲ့ရသည်။