ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်ရောက် စစ်ဘေးဒုက္ခသည်များအကြောင်း
“ကျွန်မတို့ ပြည်သူတွေက အားလုံးကို ကြောက်နေရတာပါ”
တိုက်ပွဲတွေကြောင့် လုပ်ကိုင်စားသောက်ဖို့ နေရာပျောက်လို့ ရှမ်းပြည် သိန္နီမြို့နယ်၊ ကောင်းဝိန်းအုပ်စု စုစည်း(၂)မှ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နမ္မား အင်ကွယ်ကထောင်သို့ ရောက်ရှိနေတဲ့ စစ်ရှောင်တွေအကြောင်း ဒေါ်ခေါင်စဲအား Kachin Waves မှ ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
မေး။ ဟုတ်ကဲ့။ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်ကနေ ကချင်ပြည်နယ်ကို ပြောင်းရွှေ့လာတယ်လို့ သိရတယ်။ ရှမ်းပြည်နယ် ဘယ်မြို့နယ်ကနေ ဘာဖြစ်လို့ ကချင်ပြည်နယ်ကို တိမ်းရှောင်လာရတယ်ဆိုတာလေး နည်းနည်းပြောပြပေးပါလား။
ဖြေ။ ရှမ်းပြည်နယ်မြောက်ပိုင်းကပါ။ ကျွန်မတို့နေတဲ့နေရာတွေမှာတော့ တိုက်ပွဲတွေတော့မရှိဘူး။ ဒါပေမဲ့ ကျွန်မတို့နေတဲ့ ပတ်ဝန်းကျင်တွေမှာတော့ ပစ်ခတ်ကြတာတွေရှိတယ်။ ပလောင်အဖွဲ့၊ ရှမ်းအဖွဲ့၊ ကိုးကန့်အဖွဲ့၊ အခုတော့ ‘ဝ’တွေလည်း ရောက်လာတယ်လို့ ပြောတယ်။ အဲလိုနဲ့ တပ်မတော်စစ်ကြောင်းတွေလည်း တက်လာတော့ တောင်ယာတွေလည်း သွားလို့မရဘူး။ လုပ်ကိုင်စားသောက်ရတာ အလွန်ခက်ခဲလာလို့ လုပ်ကိုင်စားသောက်လို့ ရတဲ့နေရာ၊ လုံခြုံမှုရှိတဲ့ဘက်ကို ပြောင်းရွှေ့လာတဲ့သဘောပါ။ တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းပြီးမှ ကျွန်မတို့တက်လာခဲ့ကြတာပါ။ ဟို(ရှမ်းပြည်နယ်)မှာကျတော့ တချို့က ထင်းရှူးပင်တွေ ခွဲခြမ်းရောင်းပြီး ငွေရှာကြတယ်။ ထင်းရှူးပင်ရှိတဲ့ နေရာတွေမှာလည်း တပ်မတော် စစ်သားတွေ ရှိနေကြပြီဆိုတော့ ကျွန်မတို့ သွားလို့မရတော့ဘူး။ အဲလိုသွားလို့မရတော့ ဘယ်လိုမှ ငွေရှာရတဲ့ အလုပ်အကိုင်တွေ ရှာမတွေ့တော့၊ လုပ်ကိုင်ရှာစားလို့ရတဲ့ နေရာဘက်ဆိုပြီး ပြောင်းလာခဲ့ကြတာဟုတ်တယ်။
မေး။ တောင်ယာဆိုတာ စပါးစိုက်တဲ့ တောင်ယာကို ပြောချင်တာလား။ လယ်ယာတွေ လုပ်ကိုင်ကြတာရောရှိလား။
ဖြေ။ လယ်ယာတွေလည်းပါတယ်။ တချို့က ကြံစိုက်ခင်းတွေမှာ နေ့စားဝင်လုပ်စားတဲ့ သူတွေဖြစ်ကြပါတယ်။ ပြောင်းဖူးစိုက်ခင်းတွေလည်း လုပ်ကြတယ်။ ဒါပေမဲ့ မြေသြဇာတွေ မထည့်နိုင်ရင်တော့ စိုက်စားလို့မရ။ တောင်ယာဆိုရင်လည်း ဝေးတဲ့နေရာဘက်တော့ ဘယ်သူမှ သွားမလုပ်ရဲကြ။ တချို့တောင်ပေါ်ကရွာတွေ ဘုရားကျောင်းတွေ ကြီးကြီးဆောက်ထားပေမဲ့ လူတွေမရှိတော့ဘူး။ တရွာမှာ ၁၀အိမ်တောင်မရှိတော့ဘူး။ ၅အိမ်၊ ၆အိမ်လောက်ပဲ ရှိတော့တယ်။ အဲဒီလူတွေလည်း နေလို့မရတော့ ပြန်ဆင်းလာကြတယ်။ စစ်ရှောင်စခန်းတွေလည်း များတယ်။ လုပ်ကိုင်စားသောက်မယ့် နေရာမရှိတော့ဘူး။
မေး။ ရှမ်းပြည်နယ်မှာလည်း စစ်ရှောင်စခန်းတွေရှိတယ်။ ဒါပေမဲ့ ဒီကချင်ပြည်နယ်ဘက် တက်လာရတာက ဘာကြောင့်ပါလဲ။
ဖြေ။ ကျွန်မတို့ ဟို(ရှမ်းပြည်နယ်)မှာ လုပ်ကိုင်ရှာစားရတာ အလွန်ကိုခက်နေပါပြီ။ ဘာမှစိုက်စားလို့ မရတော့ဘူး။ တောင်ယာသွားဖို့လည်း မသွားရဲတော့၊ တောင်ယာတွေ လုပ်လို့ရတဲ့နေရာဘက်ကို စုံစမ်းရှာဖွေပြီး တက်လာကြတာပါ။
မေး။ စစ်ရှောင်စခန်းတွေမှာ နေလို့မရလို့လား။
ဖြေ။ နေကြပါတယ်။ ကျွန်မတို့ကရွာမှာနေပါတယ်။ လူငယ်တွေတောင် ဘယ်သူမှ မရှိတော့ဘူး။ အသုဘတွေ၊ မင်္ဂလာဆောင်တွေမှာတောင် လူငယ်တွေကို မတွေ့ရတော့ဘူး။ အကုန်လုံး တိမ်းရှောင်သွားကြပြီ။ အားလုံးကိုကြောက်နေရတယ်။ ကချင်ကိုလည်းကြောက်ရ၊ ရှမ်းကိုလည်းကြောင်ရ၊ ပလောင်ကိုလည်းကြောက်ရ၊ ဗမာကိုလည်းကြောက်ရတယ်။ ကျွန်မတို့ ပြည်သူတွေက အားလုံးကို ကြောက်နေရတာပါ။
မေး။ အခု ဒီကချင်ပြည်နယ်ဘက် တက်လာတာက အစိုးရကို စစ်ရှောင်အနေနဲ့ အသိပေးပြီးမှ ပြောင်းလာတာလား။ ဒါမှမဟုတ် ကိုယ့်အသိဆွေမျိုးတွေရှိလို့ တက်လာကြတာလား။ ဘယ်လိုပြောနိုင်မလဲ။
ဖြေ။ ကျွန်မတို့ (တချို့က) ကိုယ့်ဆွေးမျိုးတွေရှိလို့ တက်လာတာ။ ဒါပေမဲ့ ဒီမှာ ဟိုကတည်းကနေ စစ်ရှောင်မှာနေတဲ့ လူတွေလည်းပါတယ်။ ကျွန်မတို့ကို စစ်ရှောင်အနေနဲ့ မိုးညှင်းမြို့နယ်က စာရင်းကောက်ပြီး သွားပြီ။
မေး။ အစိုးရအနေနဲ့ လာကောက်တာလား။
ဖြေ။ အစိုးရတွေအားလုံးစိစစ်သွားပြီ။ ကျွန်မတို့အရင်ရောက်တဲ့ ၁၇ယောက်ကိုတော့။ စာရင်းတွေကောက်ယူပြီး၊ ဒီမှာလုပ်ကိုင်စားသောက်လို့ ရတယ်ဆိုပြီး ဓါးတွေတောင် ဝေပေးခဲ့ကြတယ်။ သူတို့လည်း ကူညီကြပါတယ်။
မေး။ အခုက မိုးညှင်း နမ္မားမှာ နေနေတဲ့သဘောလား။ ဘယ်မှာ နေကြလဲ။
ဖြေ။ နမ္မား ဒီတောင်ဂန့်လို့ပြောတဲ့ အင်ကွယ်ကထောင်မှာ နေနေကြပါတယ်။ ရွာသစ်ပါပဲ။
မေး။ စစ်ရှောင်အဖြစ်နဲ့ နေခိုင်းတာလား။ ရွာမှာ မြေနေရာတွေချပေးပြီးမှ နေခိုင်းတာလား။ ဘယ်လိုပုံစံမျိုးလဲ။
ဖြေ။ သူတို့(အစိုးရ)က IDP သဘောနဲ့ နေခိုင်းတာတော့ မဟုတ်ဘူး။ ကျွန်မတို့က အင်ကွယ်ကထောင်မှာ နေကြမယ်ဆိုပြီး လာနေကြတာ ဟုတ်တယ်။ သူတို့က နေခွင့်ပေးလား၊ မပေးလားတော့ မသိဘူး။ ရွာသစ်တည်မယ်ဆိုတဲ့ အစီအစဉ်တော့ရှိတယ်ဆိုလို့ လာနေနေကြတာပါ။ အခု အိမ်ထောင် ၅၀၊ ၆၀တောင် ရောက်လာပြီ။
မေး။ ဒီအိမ်ထောင် ၅၀၊ ၆၀က အားလုံးရှမ်းပြည်နယ်က တက်လာတဲ့ အိမ်ထောင်တွေပဲလား။
ဖြေ။ ရှမ်းပြည်နယ်ကပါပဲ။ ဒီမြစ်ကြီးနားက ပြောင်းလာတဲ့ ၂အိမ်၊ ၃အိမ်ထောင် လောက်တော့ပါတယ်။ သူတို့လည်း ကျွန်မတို့ဆွေမျိုးတွေပဲ။ ရှမ်းပြည်က ပြောင်းလာခဲ့ကြတာ။
မေး။ နမ္မား အင်ကွယ်ကထောင်မှာ နေဖို့က အိမ်တွေဘာတွေလုပ်ယူတာက ကူညီပေးတဲ့လူတွေရှိလား။ ဒါမှမဟုတ် အစိုးရကူညီတာရှိလား။
ဖြေ။ မရှိဘူး။ ကျွန်မတို့ ကိုယ့်ဟာကိုယ် လုပ်ယူကြပါတယ်။ အားလုံး နည်းနည်းစီပေါင်းပြီး အိမ်ဆောက်ပြီး စုပေါင်းနေနေကြတယ်။ ဝါးတွေနဲ့ ယာယီဆောက်ပြီး နေနေကြတာပါ။
မေး။ ဒါဆိုရင် အခုဒီမှာရောက်နေတာ ဘယ်လောက်ကြာနေပြီလဲ။
ဖြေ။ တစ်လကျော်ပြီ။ ဧပြီ ၆ရက်နေ့ ဒီမှာရောက်ပြီ။
မေး။ ဘယ်လမ်းကနေ တက်လာခဲ့ကြတာလဲ။
ဖြေ။ ဟို..မန္တလေးလမ်းကနေ တက်လာခဲ့ကြတယ်။ ကားနဲ့လာတဲ့သူတွေလည်း ရှိတယ်။ ရထားနဲ့လာခဲ့တဲ့ လူတွေလည်း ရှိတယ်။
မေး။ ဒါဆိုရင် ရှမ်းပြည်နယ်က အိမ်တွေကိုကျတော့ ဒီတိုင်းပစ်ထားတဲ့ သဘောလား။
ဖြေ။ တချို့က ဒီတိုင်းပစ်ထားတဲ့ သူတွေလည်းရှိတယ်။ အိမ်စောင့်ချန်ထားတဲ့ သူတွေလည်း ရှိတယ်။ ကျွန်မတို့ ဘက်မှာက တပ်ရင်းနှစ်ရင်း ထိုင်နေလို့လေ။ ၅၆၇နှင့် ၅၆၈။
မေး။ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဘယ်အဖွဲ့တွေ ရှိနေတဲ့နေရာလဲ။
ဖြေ။ ရှမ်း၊ ပလောင်၊ ကိုးကန့်၊ ကေဒီအေတွေ ရှိကြပါတယ်။ တခါတလေ ‘ဝ’အဖွဲ့တွေရောက်တယ်လို့လည်း ပြောတယ်။
မေး။ အခု တက်လာကြတဲ့ လူတွေက ကချင်တွေပဲလား။ ပလောင်တို့၊ ရှမ်းတို့ရောပါသေးလား။ အခုမိုးညှင်းမြို့နယ် နမ္မားမှာရောက်နေတဲ့ အဖွဲ့မှာ။
ဖြေ။ အဓိကတော့ ဂျိန်းဖေါ့၊ လချိတ်၊ လော်ဝေါ် ပါတယ်။ တရုတ်ပါတယ်။ ချင်းတွေလည်း ပါတယ်။
မေး။ အခု ဒီရောက်တော့ ဘာတွေ အခက်အခဲ ဖြစ်နေလဲ။
ဖြေ။ အခုက တချို့က အိမ်ဆောက်နေပေမဲ့ အိမ်အမိုး မိုးဖို့မသတ်နိုင်လို့ ခက်နေတယ်။ နေဖို့အိမ် ဝိုင်းဆောက်ပြီး စုပေါင်းနေတော့ ကျဉ်းကျပ်နေတယ်။ ရေတော့ တော်တော်လည်း အခက်အခဲ ဖြစ်နေတယ်။ ကျွန်မတို့က သတ်နိုင်သလောက်တော့ ဝိုင်းဝန်းပြီး ရှာဖွေစားသောက် နေရအောင်လို့တော့ ပြောထားကြတယ်။ ကျွန်မတို့လည်း မရောက်ဖူးတဲ့နေရာဆိုတော့ တော်တော်လေးတော့ ခက်နေတယ်။
မေး။ ရှမ်းပြည်နယ်မှာ ရှိနေတဲ့အချိန်မှာလည်း ဒီကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ ကြားတယ်မဟုတ်လား။
ဖြေ။ ကြားပါတယ်။ ဒါပေမဲ့ ဒီ(နမ္မား)အင်ကွယ်ကထောင်မှာတော့ တော်တော်လေး လုံခြုံသေးတယ်။ ပြီးတော့ လုပ်ကိုင်စားသောက်ဖို့ နေရာတွေရှိသေးတယ်။ ကျွန်မတို့ဘက်မှာက လုပ်ကိုင်စားသောက်မယ့် နေရာကိုမရှိတော့တာ။ တောင်ယာခုတ်ထားပေမယ့် ဆက်လုပ်လို့ မရတော့ဘူးလေ။
မေး။ ထပ်ဖြည့်စွက် ပြောပြချင်တဲ့ဟာ ရှိသေးလား။
ဖြေ။ ရေသိပ်အဆင်မပြေဘူး။ ချောင်းရေကို သောက်သုံးနေတာ။ ကြိုချက်ပြီးမှတော့ သောက်တယ်။ ရေတွင်းအသေးလေးတွေတော့ တူးယူကြပါတယ်။ တချို့က ဘာစားဖို့သောက်ဖို့မှ မရှိတဲ့သူတွေလည်းပါတယ်။ နည်းနည်းစီစုပြီး မိုးကာအမိုးမိုးပြီး နေကြရအောင်လို့တော့ ပြောနေကြတာဟုတ်တယ်။ အစိုးရတွေက IDP အနေနဲ့တော့ လက်မခံဘူး။ ဒါပေမဲ့ ဒီနမ္မား အုပ်ချုပ်ရေးမှူးတွေ အစားအသောက် လာကူညီပေးတာတွေတော့ ရှိတယ်။ အင်္ဂလီကန် ဘုရားကျောင်းက ဆရာတွေနဲ့သိတဲ့ လူတွေလာကူညီပေးထားတာတော့ အခုစားနေကြတယ်။ KBC တွေက ဆန်အိတ်နှစ်အိတ် လာပေးတယ်၊ တနင်္ဂနွေနေ့က။ တောင်ယာခုတ်ဖို့လည်း တောင်ယာခုတ်ချိန် လွန်သွားတော့ ခက်နေကြတယ်။