ကချင်ဆန္ဒပြလူငယ်များနှင့်ပတ်သက်ပြီး ဒီချုပ်တံဆိပ်ဖြင့် ထုတ်ပြန်ချက်အတုတစ်စောင်ထွက်ပေါ်
ပိတ်မိပြည်သူများလွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖေါ်နေကြသော ကချင် လူငယ်များကို အရေးယူပေးရန် တိုက်တွန်းကြောင်းထုတ်ပြန်စာတစ်စောင် ထွက်လာခဲ့ပြီး ယင်းထုတ်ပြန်စာသည် အတုသာဖြစ်ကြောင်း ကချင်ပြည်နယ် NLD အတွင်းရေးမှူး ဦးနော်လီက ပြောသည်။
“NLD ပါတီရဲ့ နှစ် ၂၀ ကျော် နိုင်ငံရေးဖြတ်သန်းမှုမှာ ပြည်သူဘက်က ရပ်တည်ပြီး အာဏာရှင်တွေကို တော်လှန်ခဲ့တယ်၊ အခု အစိုးရဖြစ်လာတဲ့နောက်ပိုင်းမှာ ပါတီကိုမလိုလားတဲ့သူတွေက အမျိုးမျိုး တိုက်ခိုက်နေကြတယ်၊ ဒီလိုထုတ်ပြန်ချက်အတုတွေ အရင်ကလည်း တွေ့ရပါတယ်” ဟု၎င်းက ပြောသည်။
အဆိုပါထုတ်ပြန်ချက်တွင် ဆန္ဒပြလူငယ်များနှင့် ပြည်နယ်အစိုးရအနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးချင်၍ ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဆွေးနွေးခဲ့သော်လည်း သပိတ်စခန်းဦးဆောင်ကော်မတီဝင်များဘက်မှ သဘောမတူဘဲ သပိတ်စခန်း ဆက်ဖွင့်မည်ဆိုပါက မိမိတို့ပါတီမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် အဆိုပါသပိတ်စခန်းဖွင့် ဆက်လက်တောင်းဆိုနေမှုများအား ပြည်နယ်အစိုးရအနေဖြင့် ဥပဒေနှင့်အညီ အရေးယူးပေးနိုင်ရန် တိုက်တွန်းထားရှိပြီးဖြစ်ပါကြောင်း ပါရှိသည်။