စစ်မှုထမ်းရန် စုဆောင်းမှုကြောင့် ထွက်ပြေးသွားတဲ့ ဗန်းမောက်မြို့ ပြည်သူတွေကို စစ်ကောင်စီနဲ့ SNA က ဓာတ်တိုင်စာကပ်ပြီး ပြန်ခေါ်နေ
–
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ စစ်ကောင်စီတပ်နဲ့ SNA တို့က ၎င်းတို့ရဲ့ စစ်သားစုဆောင်းဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားတဲ့ ပြည်သူတွေကို နေရပ်သို့ပြန်လာကြရန် ဓာတ်တိုင်မှာစကပ်ပြီး ပြန်ခေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီနဲ့ SNA တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး စစ်မှုထမ်းဖို့အတွက် ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုစီမှ အသက် (၁၈) နဲ့ (၄၀) နှစ်ကြား၊ အမျိုးသား (၃၀) စီ စုဆောင်းပေးရန် တောင်းဆိုခဲ့ပြီး၊ လွှစင်ကုန်းရပ်ကွက်က ပြည်သူ (၃၀) ကို ဖမ်းခေါ်သွားခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်က ပြည်သူတွေ ထွက်ပြေးသိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ SNA တွေဟာ ဗန်းမောက်မြို့ပေါ် မှာ ယခင်ကဲ့သို့ လွတ်လပ်စွာ သွားလာနိုင်ကြောင်း၊ လူငယ်တွေကို အတင်းအဓမ္မခြိမ်းခြောက်ပြီး ဥပဒေမဲ့ ဖမ်းဆီးမည်မဟုတ်ကြောင်း၊ ဗန်းမောက်မြို့ လုံခြုံရေးအတွက် ပြည်သူတွေ အတူတကွပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဓာတ်တိုင်တွေမှာ စာကပ်ပြီး၊ ပြန်ခေါ်နေတယ်လို့ ဗန်းမောက်မြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့လိုက်ဖမ်းတော့ တခြားပြည်သူတွေရော၊ သူတို့ကို ထောက်ခံတဲ့သူတွေပါ အကုန်ထွက်ပြေးကြတာလေ။ အခုကျတော့ ပြန်ခေါ်နေရပြီလေ။ ဓာတ်တိုင်မှာတွေ၊ ဆိုင်မှာတွေ အကုန်စာကပ်ပြီး ပြန်ခေါ်နေတာ”လို့ ဒေသခံက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ဗန်းမောက်မြို့အနီးက နောင်မဲလုံးရွာကို SNA တပ်တွေက ပေါ်တာဝင်ဆွဲနေစဉ် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ကြဲချခဲ့လို့ SNA ဘက်က (၁) ဦး သေဆုံးခဲ့ပြီး (၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ခန္တီးခရိုင်၊ မော်လိုက်ခရိုင်နဲ့ ဖားကန့်မြို့တွေမှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက SNA တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေပြီး၊ တော်လှန်ရေးထိန်းချုပ်မှု အားနည်းသေးတဲ့ ဗန်းမောက်မြို့ပေါ်နဲ့ ဗန်းမောက်အနောက်ခြမ်းဘက်တွေမှာ SNA က လူသစ်စုဆောင်းမှု လုပ်နေတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
SNA တပ်ဟာ အာဏာမသိမ်းခင်အချိန်က အာဏာရှင်စနစ်ကိုတော်လှန်ဖို့ဆိုပြီး လူငယ်အများစုကို စစ်သင်တန်းတွေပေးခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းလှုပ်ရှားသွားတဲ့ အဖွဲ့ဖြစ်ပါတယ်။