ဗန်းမော်စစ်ရှောင် အမျိုးသမီးက စစ်ရှောင်နေရင်း မွေးဖွားခဲ့တဲ့သားကို “စစ်နိုင်ထွန်း”လို့ နာမည်ပေး
–
စစ်ရှောင်နေရင်း ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအုပ်စု တံတားဦးရွာဇရပ်မှာ မွေးဖွားခဲ့တဲ့ ကလေးကို “စစ်နိုင်ထွန်း”လို့ နာမည်ပေးကြောင်း စင်းခန်းကိုရောက်ရှိခဲ့တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
မွေးဖွားခဲ့တဲ့ ကလေးကတော့ ယောက်ျားလေးဖြစ်ပြီး၊ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ အရပ်လက်သည် အမျိုးသမီးတွေနဲ့ ရွာဘုန်းကြီးကျောင်းက ဇရပ်ပေါ်မှာပဲ စစ်ဘေးရှောင်ရင်း မွေးဖွားခဲ့တဲ့အတွက် “စစ်နိုင်ထွန်း”လို့ နာမည်ပေးခြင်းဖြစ်ကြောင်း၊ ကလေးရော မိခင်ပါ ကျန်းမာတယ်လို့လည်း သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။
“ရွာဘုန်းကြီးကျောင်းလေးထဲမှာပဲ မွေးတာပါ့။ ကျွန်မတို့ရွာကို မနေ့ (ဒီဇင်ဘာ ၂၂) ကမှ ရောက်ခဲ့တယ်။ နောက်ရက် (ဒီဇင်ဘာ ၂၃) ရက်နေ့ မနက်ရောက်တော့ မွေးသွားပြီလေ။ ဒီတိုင်း ရွာကအမျိုးသမီး လေးငါးယောက်ကပဲစုပြီး မွေးပေးလိုက်တာ”လို့ ဆိုပါတယ်။
မီးဖွားခဲ့သူ အမျိုးသမီးကတော့ စစ်ကိုင်းတိုင်း တန့်ဆည်ဘက်ကဖြစ်ပြီး၊ ဗန်းမော်မြို့မှာ အိမ်ထောင်ကျခဲ့သူလို့ သိရပါတယ်။
အဆိုပါ ကလေးမိခင် အမျိုးသမီးဟာ ၎င်းရဲ့အမျိုးသားနဲ့ (၅) နှစ်အရွယ် သားတစ်ယောက်နဲ့အတူ ကိုယ်ဝန်အရင့်မာကြီးနဲ့ ဗန်းမော်မြို့ကနေ ဒီဇင်ဘာ ၉ ရက်နေ့မှာ စတင်စစ်ရှောင်လာခဲ့ကြောင်း သိရပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်နေ့ကနေ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဆင်နွှဲနေတာဖြစ်ပြီး၊ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး အဓိကသုံးပြီး အပြင်းအထန် ခုခံနေတယ်လို့ သိရပါတယ်။
စစ်ရှောင်လာတဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီစစ်သားတွေက လိုက်လံပစ်ခတ်တာကြောင့် သေဆုံးသူတွေလည်းရှိသလို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ မြို့ခံပြည်သူများလည်း ရှိကြောင်း အရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။