အင်ဂျန်းယန်မြို့နယ်မှ ဒေသခံပြည်သူ ၁၀၀၀ခန့်ထွက်ပြေးတိမ်းရှောင်နေရ
အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ အယောက် ၁၀၀၀ခန့်သည် ရွာဘက်သို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် ဧပြီ ၂၅ညနေတွင် ရွာသားများသည် ကျေးရွာမှထွက်ပြေးလာပြီး ဘွမ်နဲန်ယန်ကျေးရွာတွင်စုပြီး တိမ်းရှောင်နေလျှက်ရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်ကပြောသည်။
အဆိုပါဒုက္ခသည်များသည် ဇွပ်မိုင်ယန်၊ ပုန်ဆွေယန်၊ ဘွမ်ဆယ်ဇွပ်၊ ဆွတ်ငိုင် စသည့် ကျေးရွာများမှ ဖြစ်ကြောင်းလည်းဆိုသည်။
“တပ်မတော်တွေ မနေ့ကဝင်လာတော့ ဟိုဘက်(ကေအိုင်အေ)ကလည်း ပြန်ပစ်ပြီး တိုက်ပွဲဖြစ်လာရင် ဒေသခံတွေ ထိမှာကြောက်လို့ မနေ့ည ၁၂း၀၀နာရီကတည်းက ထွက်ပြေးလာကြတယ်။ တိုက်ပွဲဖြစ်လာရင်တော့ ကြားမှာညှပ်မိမှာကြောက်ကြတယ်။ ဒါကြောင့် အသက်ဘေးလွတ်အောင် ထွက်ပြေးလာကြတာ။”ဟု ဒေါ်ဂျာဆိုင်းခေါန်ကဆိုသည်။
ယခုဒုက္ခသည်များ ရောက်ရှိနေသည့် ဘွမ်နဲန်ယန်ကျေးရွာသည် ဇွပ်မိုင်ယန်၊ ပုန်ဆွေယန်၊ ဘွမ်ဆယ်ဇွပ်၊ ဆွတ်ငိုင် စသည့် ကျေးရွာများနှင့် ၄မိုင်ဝန်းကျင်ကွာဝေးကြောင်းသိရသည်။ ဘွမ်နဲန်ယန်ကျေးရွာသည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမြစ်ဆုံမှ ၁၄မိုင်ဝေးသည့် ကျေးရွာဖြစ်သည်။
“အခုပဲဝန်ကြီးချုပ်ကိုသွားပြီး စာတင်ထားတယ်။ အခုချက်ချင်းလိုအပ်တဲ့ အစားအသောက်တွေ သွားပို့ပေးမယ်။ အခုကလူတွေစုနေပြီ။ နောက်ပြီးတိုက်ပွဲတွေ ဖြစ်လာရင်ဘယ်မှာဘယ်လို နေရာချမလဲဆိုတာကိုက အခုဖြစ်တဲ့အပေါ်မူတည်ပြီး ဆွေးနွေးပြီး ပြန်လုပ်မယ်။”ဟု ဒေါ်ဂျာဆိုင်းခေါန်ကဆိုသည်။
အဆိုပါဒုက္ခသည်များကို ဧပြီ ၂၇ရက်နေ့တွင် သွားရောက်ကူညီမည်ဖြစ်ပြီး ထိုဒုက္ခသည်များကို ကူညီလိုသူများလည်း လာရောက်ပါဝင် လှူဒါန်းနိုင်ပါကြောင်း ၎င်းကဆိုသည်။
ယမန်နေ့တွင်လည်း မြစ်ဆုံအထက် ကေအိုင်အေ တပ်မဟာ(၁)ဌာနချုပ် အခြေစိုက်ရာ အင်ဂွမ်လတွင် တပ်မတော်ဂျက်လေယာဉ်ဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။ ယခုလတွင် ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ မိုးကောင်းမြို့နယ်များနှင့် ဗန်းမော်ခရိုင်ဘက်တွင် တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး ရွာသားပြည်သူများ တိုက်ပွဲတိမ်းရှောင် ထွက်ပြေးနေရသည်။