မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက အင်တာနက်သုံးတဲ့ ဝိုင်ဖိုင်စက်တွေကို ဖမ်းဆီး
–
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း မြေမြင့်၊ ယုဇန၊ အေရာရပ်ကွက်တွေမှာ စစ်ကောင်စီက Starlink ဝိုင်ဖိုင်စက်တွေကို ဖမ်းဆီးသိမ်းယူတာတွေလုပ်နေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒီမနက်ဘဲ ဆိုင်တစ်ခုမှာ Starlink စက်တွေကို လာဖြုတ်သိမ်းသွားတယ်။ ဘာလို့ သိမ်းတာတော့ မသိသေးဘူး။ အဝေးကနေ ရဲဝတ်စုံနဲ့ အရပ်သားဝတ်တွေ တွေ့ရတယ်။”လို့ သူမက ပြောပါတယ်။
အဆိုပါသတင်းကိုကြားပြီး ဝိုင်ဖိုင်ဆိုင်တစ်ချို့ကလည်း ဆိုင်တွေပိတ်ထားတယ်လို့ အင်တာနက်သုံးစွဲသူ အသက် ၂၀ နှစ်ကျော် လူငယ်တစ်ဦးက ပြောပါတယ်။
“ဆိုင်တွေပိတ်ထားတယ်။ သုံးလေးဆိုင်မှာ မေးကြည့်မှ ဖမ်းတယ်ကြားလို့တဲ့ ပိတ်တာတဲ့။ ကျွန်တော်လည်း ဆက်ပြီးလိုက်မရှာတော့ဘူး။”လို့ သူကပြောပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကနေစပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာကြောင့် အခုဆိုရင် (၃) လကျော်လာပြီဖြစ်ပါတယ်။