မြစ်ကြီးနားမြို့တွင်း ညတိုင်းနီးပါး လက်နက်ကြီးသံတွေ ကြားနေရပြီး၊ ရဟတ်ယာဥ်တွေလည်း နေ့ညပျံသန်းနေတာကြောင့် မြို့ခံပြည်သူတွေ စိုးရိမ်နေ
–
မြစ်ကြီးနားမြို့မှာ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရပြီး စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်များလည်း နေ့ညကင်းထောက် ပျံသန်းနေကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးသံတွေ ဆက်တိုက်ကြားတယ်။ ရဟတ်ယာဉ်လည်း နေ့ရောညရော ပျံသန်းနေတာ၊ နေ့ခင်းမှာတော့ မြင်ရပေမဲ့ညတော့ အသံပဲကြားတယ်။”လို့ သူကပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတာကြောင့် သတင်းတွေ မကြားရပဲ ဘယ်အချိန်ဘယ်လို ဖြစ်လာနိုင်မလဲ၊ ဘယ်လိုပြင်ဆင်ထားရမလဲ မသိရတာကြောင့် အလွန်စိုးရိမ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာရှိ စစ်ကောင်စီတပ် ခလရ (၅၈) တပ်ရင်း အနီးမှာ KIA နဲ့ ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မြစ်ကြီးနားမြို့ရဲ့ အရှေ့မြောက်ဒေသ ချီဖွေမြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဒီကနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။