ကချင်လူထုနှင့် ကချင်နိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်က ဘယ်လိုလဲ
ကချင်လူထုနှင့် ကချင်နိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့စီတာပူမနောင်ဝင်း မဂျွယ်ခန်းမမှာ မနေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ ဘာတွေပြောဆိုဆွေးနွေးခဲ့ကြပြီး ဘာတွေဆုံးဖြတ်နိုင်ခဲ့သလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။
ဒါကတော့ မနေ့ကပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအပေါ် လွှတ်တော်အမတ်နဲ့ ပါတီခေါင်းဆောင်အချို့တို့ရဲ့ သုံးသပ်ချက်အမြင်များ ဖြစ်ပါတယ်။
နံနက် ၉ နာရီမှာ ဝတ်ပြုဆုတောင်းခြင်းဖြင့် ဆွေးနွေးပွဲကို စတင်ခဲ့ပါတယ်။ မနက်ပိုင်းတွင်
Vision 2020 Team မှ ၎င်းတို့ရဲ့ ရွှေးကောက်ပွဲဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် လူထုစစ်တမ်းကောက်ယူမှုမှ ရရှိလာသော တွေ့ရှိချက်များကို ချပြဆွေးနွေးခဲ့သလို ကချင်အရပ်ဘက်အဖွဲ့အစည်းများကလည်း ၎င်းတို့ရဲ့ ခံယူချက်သဘောထားအမြင်များကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီနောက် ကချင်နိုင်ငံရေးပါတီများက ပါတီအလိုက် သီးခြားစီတင်ပြဆွေးနွေးခဲ့ကြပါတယ်။
မွန်းလွဲပိုင်းတွင် တက်ရောက်လာသည့် ကချင်လူထုဘက်မှလည်း ၎င်းတို့ရဲ့သဘောထား အမြင်များဖြင့် ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ကြပါတယ်။
ညနေပိုင်းမှာတော့ USDP, KDP, KNC စတဲ့ပါတီသုံးခုနှင့်အတူ ဦးခက်ထိန်နန်ဦးဆောင်တဲ့ (UDPKS) စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကလည်း ပါတီပေါင်းစည်းရေးမှာ ပူးပေါင်းပါဝင်ရန် လက်မှတ်ရေးထိုးခြင်း ပြုလုပ်ကြပါတယ်။
နောက်ပိုင်းမှာတော့ ပူးပေါင်းကြမယ့် ပါတီများဘက်မှ ယခုဆွေးနွေးပွဲမှာ တစ်ခါတည်း ပါတီသစ်အတွက် အမည် အလံနဲ့ တံဆိပ်များကို လူထုဘက်မှ ရွေးချယ်အတည်ပြုပေးသွားဖို့ တင်ပြလာသော်လည်း တက်ရောက်လာတဲ့ လူထုကိုယ်စားလှယ်များရဲ့ ထက်ဝက်ကျော်မှာ ပြန်သွားကြပြီဖြစ်တာကြောင့် အထမမြောက်ပဲ၊ ကချင်လူမျိုးများအတိုင်ပင်ခံအဖွဲ့(WMR)မှ ဦးဆောင်ကာ ကော်မတီဖွဲ့ပြီးမှ ထပ်မံရွေးချယ်ရန် ကိုယ်စားလှယ်အချို့က တင်ပြလာကြပြီး ၎င်းအဆိုကိုပဲ အတည်ပြုကာ ဆွေးနွေးပွဲကို ရပ်နားခဲ့ပါတယ်။