မြန်မာပြည်တွင်းမှာ အခမဲ့ VPN တွေ သုံးစွဲရန်ခက်ခဲလာ
30 May 2024 – Kachinwaves
မြန်မာပြည်တွင်းမှာ ဒီကနေ့ကစပြီး အခမဲ့အသုံးပြုလို့ရတဲ့ VPN Software တွေအသုံးပြုဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီိက ဆက်သွယ်ရေးကုမ္ပဏီ (Telecom company) တွေကို ဖိအားပေးပြီး လက်ရှိပြည်တွင်းမှာ အသုံးများနေတဲ့ အခမဲ့ VPN တွေကို ပိတ်ဆို့လိုက်တဲ့အတွက်ကြောင့် လူသုံးများတဲ့ 1111 VPN ၊ Psiphon အစရှိတဲ့ VPN တွေ အသုံးပြုမရဖြစ်နေတာလို့ နည်းပညာလေ့လာနေသူတစ်ဦးက ဆိုပါတယ်။
“internet gateway တွေကို ip adress ပြောင်းသုံးရတာဆိုတော့ အသုံးများတဲ့ adress ကို သူတို့ telecom server တွေကနေ ban လိုက်တာ”လို့ ပြောပါတယ်။
အခုလက်ရှိ ငွေပေးဝယ်ယူရတဲ့ VPN တွေပဲ သုံးစွဲလို့ရနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအုပ်ချုပ်မှုအောက် အဆမတန်ထိုးတက်လာတဲ့ ဒေါ်လာဈေး၊ ရွှေဈေးကို ထိန်းချုပ်ရန်အတွက် ငွေကြေးဆော့ကစားနေတဲ့ စီးပွါးရေးလုပ်ငန်းရှင်၊ ငွေဝယ် ငွေရောင်း ဟွန်ဒီတွေနဲ့ ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီကဖမ်းဆီးခဲ့တာနဲ့ စပ်လျဉ်းနေတယ်လို့လည်း သူကဆိုပါတယ်။
“ဂျပုတို့အဖွဲ့က ငွေစျေးမထိန်းနိုင်ဘူး။ အဲ့ဒါကို အခွင့်ကောင်းယူပြီး black market တွေနဲ့ crypto ကနေ ကစားကြတာ။ အဓိက စီးပွားရေးသမားတွေက ဂျပုကိုမယုံတော့ ဒေါ်လာတွေကို သိမ်းပြီး စျေးတမင်တက်အောင်လုပ်၊ ဂျပုကထိန်းမယ်ဆိုပြီး ဘဏ်ကနေ သန်းချီထုတ်ရောင်း၊ အဲ့ဒါတွေကို အချိုးကျပြန်ဝယ်၊ အပြင်မှာပြန်ရောင်း အရွက်စျေးကပိုများလို့ USDT နဲ့ပါ ရောင်း။ အဲ့ဒါကြောင့်ဂျပုက ငွေလဲတဲ့ ဟွန်ဒီတွေနဲ့ black market ကကောင်တွေကိုဖမ်း။ FB ကနေ လှုံ့ဆော်တယ်ဆိုပြီး vpn ကိုပါထပ် ban”
အာဏာစသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ ဖေ့ဘုတ်ဆိုရှယ်မီဒီယာ အသုံးပြုခြင်းပိတ်ပင်ဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့ပေမယ့် VPN တွေအသုံးပြုပြီး အခုလက်ရှိ ဆိုရှယ်မီဒီယာတွေကို အသုံးပြုနိုင်နေတာ ဖြစ်ပါတယ်။