မြစ်ကြီးနားကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ခတ်ချိုမှာ အရပ်သား (၆) ဦးသေ၊ ၁၁ ဦး ဒဏ်ရာပြင်းထန်
20 May 2024 – Kachinwaves
မြစ်ကြီးနားမြို့ဘက်က စစ်ကောင်စီတပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာမှာ ဒီကနေ့မွန်းလွဲပိုင်းမှာ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ မိသားစု ၂ စုက လူ ၆ ဦး သေဆုံးခဲ့ပြီး၊ ၁၁ ဦးဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
ခတ်ချိုကျေးရွာမှာ လက်နက်ကြီး ၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကွက်သစ်ဘက်က နေအိမ်နှစ်အိမ်ထဲက မိသားစုဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ခတ်ချိုဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“လက်နက်ကြီး ၃ လုံး ဆက်တိုက်ကျတယ်။ ပထမကျတာက တော်တော်အား ပြင်းတယ်။ ၃ လုံးစလုံးက အားပြင်းတဲ့ လက်နက်ကြီးတွေ။ တကယ်စိတ်မကောင်းစရာ။ မိသားစုလိုက် သေဆုံးတာ။ မိသားစုတစ်စုမှာက ၄ ဦးသေဆုံးပြီး၊ ကျန်တဲ့သူတွေကလည်း အမျိုးတွေပဲ။”လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ မကေသွယ် အသက် ၁၈ နှစ်၊ မသဇင်သင်း ၂၂ နှစ်၊ ဒေါ်ပုလေး ၄၅ နှစ်၊ ဦးကျော်ဦး ၅၆ နှစ်နဲ့ အသက် (၁၈) နှစ် မပြည့်သေးတဲ့ ကလေး ၂ ဦးဖြစ်တဲ့ မောင်စိုင်းလင်းခန့် ၅ နစ်နဲ့ မောင်ဇွဲမာန်အောင် ၉ နှစ်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ ၁၁ ဦးကိုတော့ ဆေးရုံကို ပို့ဆောင်လိုက်ပြီလို့သိရပြီး ဒဏ်ရာရသူတွေထဲ အချို့အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့လည်း ဒေသခံက ဆိုပါတယ်။
“ထိခိုက်စာရင်းထဲမှာ နောက်ထပ် မောင်အောင်မင်းထွန်း ဦးခေါင်းပြင်းထန် ဒဏ်ရာရလို့ ဒီဘက်ပြန်ပါလာ (သေဆုံး)ဖို့ ဖြစ်နိုင်ချေများတယ် ပြောတယ်။ လက်ရှိက ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်။”လို့ ဆက်ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်သာခြားတဲ့ ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဝိုင်းမော် – ခတ်ချိုသွားလမ်းအပြင် မြစ်ကြီးနားဘက်ကို ရေကြောင်းနဲ့ ဆက်သွယ်သွားလာလို့ရတဲ့ ခတ်ချို၊ မခန္တီး၊ နောင်ဟီး ကူးတို့ဆိပ်အားလုံးပါ ဖြတ်သန်းခွင့် ပိတ်ပင်ခံထားရကြောင်း သိရပါတယ်။