KIA စစ်ဦးစီးချုပ်ကို အတုယူလျက် တိုင်းရင်းသား ပြည်သူတရပ်လုံး လွတ်မြောက်သည်အထိ တိုက်ပွဲဆင်နွှဲသွားကြပါရန် (ANC/AA) တိုက်တွန်း
15 May 2024 – Kachinwaves
ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း (Rukhkyawng Hkawng Lum) ၏ ဈာပနသို့ ရခိုင်ပြည် အမျိုးသားကောင်စီ၊ ရခိုင်ပြည်တပ်မတော် (ANC/AA) မှလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့သည်။
“KIO/KIA နှင့်တကွ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ မိမိတို့ ရခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA) မှလည်း ဝမ်းနည်းကြေကွဲရပါသည်။”ဟု ပါရှိပြီး “ကချင်အမျိုးသား လွတ်မြောက်ရေးနှင့် အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူလုထုတရပ်လုံး လွတ်မြောက်ရေးအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားသော ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) မှ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ မလျော့သော ဇွဲလုံ့လနှင့် စိတ်ဓာတ်ကို အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် တိုက်ပွဲဝင်နေကြသော အင်အားစုများအနေဖြင့် အတုယူလျက် တိုင်းရင်းသား ပြည်သူတရပ်လုံး လွတ်မြောက်သည်အထိ တိုက်ပွဲဆင်နွဲသွားကြပါရန် တိုက်တွန်းရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။”ဟုလည်း ပါရှိပါသည်။
Arakan National Council – ANC သည် ရခိုင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ သုံးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည်။ အခြားနှစ်ဖွဲ့မှာ ရက္ခိုင်အမျိုးသားများအဖွဲ့ချုပ် (United League of Arakan – ULA) နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party – ALP) တို့ ဖြစ်သည်။
ရခိုင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ထဲမှ အင်အားအကြီးဆုံးဖြစ်သော ရက္ခိုင်အမျိုးသားများအဖွဲ့ချုပ် (ULA/AA) ပါဝင်သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
“ရုတ်တရက် ကွယ်လွန်သွားခြင်းသည် အဖိနှိပ်ခံမြန်မာ ပြည်သူလူထုများ ကချင်ပြည်နှင့် ကချင်လူမျိုးများအတွက် ကြီးမားသော ဆုံးရှုံးမှုအဖြစ် မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အလေးအနက်ရှုမြင်ပြီး စစ်ဦးစီးချုပ်၏ မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိခင်အဖွဲ့အစည်းနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါသည်။”ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ထည့်သွင်းရေးသားထားသည်။