ဖားကန့်မြို့က KTV တစ်ခု မိုးကြိုးပစ်ခံရပြီး မီးလောင်ပျက်စီး
11 May 2024 – Kachinwaves
ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ သီလရှင်ကုန်းမှာရှိတဲ့ “စိတ်ငြိမ် KTV” မိုးကြိုးပစ်ခံရပြီး မီးလောင်ပျက်စီးတဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့ကြောင်း သိရပါတယ်။
ဖားကန့်မြို့မှာ ဒီနေ့ မွန်းလွဲ ၂ နာရီကျော်လောက်က ၁၅ မိနစ်ခန့် မိုးရွာခဲ့ပြီး မိုးကြိုးပစ်သံ တစ်ချက်ကြားရတယ်လို့ KTV အနီး နေထိုင်သူ အမျိူးသမီးတစ်ဦးက ဆိုပါတယ်။
“မိုးကြိုးပစ်တာ သိတယ်။ (အသံ) အရမ်းကျယ်တယ်။ လူပါနားအူသွားတာ။ KTV ပစ်တယ်လို့ မထင်လိုက်ဘူး။”
မိုးကြိုးလျှပ်စီးကြောင့် ဝါယာရှော့ဖြစ်ပြီး DJ စင်ကနေတစ်ဆင့် မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ သူကဆိုပါတယ်။
“သူတို့ (ဆိုင်ကသူတွေ) လည်း ပစ်သံဘဲအရင်ကြားတာ။ DJ စင်ကနေ တဖြည်းဖြည်း လောင်တာ။ အဲ့လိုပြောတယ်၊ အဲ့မာ လုပ်တဲ့သူက”လို့ ပြောပါတယ်။
မီးစလောင်ပြီးနောက် နာရီဝက်အကြာမှာ တဖြည်းဖြည်း မီးငြိမ်းသွားပြီဖြစ်ကြောင်းလည်း အဆိုပါဒေသခံက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် KTV ရဲ့ အပေါ်ထပ် မီးလောင်ပျက်စီးသွားပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
မိုးကောင်းမြို့မှာလည်း ၂၀၂၂ ခုနှစ်က မိုးကြိုးပစ်ရာကတဆင့် ဝါယာရှော့ဖြစ်ပြီး ဆိုင်ကယ်နဲ့ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ကာ ဆိုင်အကူဝန်ထမ်းအမျိုးသမီး ၂ ဦးသေဆုံးတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။