တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီစခန်းအား MDY-PDF က တိုက်ခိုက်သိမ်းပိုက်
10 May 2024 – Kachinwaves
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်တံငါကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲနေသော စစ်ကောင်စီစခန်းတစ်ခုအား ယနေ့ မေလ (၁၀) ရက်နေ့ နံနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သတင်းထုတ် ပြန်သည်။
ယနေ့နံနက် ၅ နာရီအချိန်က စတင်တိုက်ခိုက်ခဲ့ပြီး ၅ နာရီ ၄၅ မိနစ်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၁) ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ တိုက်ပွဲအတွင်း ထွက်ပြေးသွားသူများလည်းရှိခဲ့ပြီး Drone Jammer (၁) လက်၊ လက်နက်ခဲယမ်းမျိုးစုံကိုလည်း ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တောင်တံငါကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သည် မတ္တရာမြို့မြောက်ဘက် ၂ မိုင်အကွာ စဉ့်ကူးမြို့နယ်ဘက်သို့ အထွက်တွင်တည်ရှိပြီး မတ္တရာမြို့နှင့် ရေနံသာကျေးရွာကြား၌ ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေသော စခန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
စစ်ကောင်စီအင်အား ၃၀ ခန့်သာတပ်စွဲနေသော အဆိုပါ တောင်တံငါကျေးရွာသည် အိမ်ခြေတစ်ထောင်ခန့်ရှိပြီး တိုက်ပွဲတွင်း ပြည်သူများ ပိတ်မိခဲ့သည်ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ရဲဘော်ဘိုတောက်က ပြောသည်။
“တံငါကျေးရွာမှာတော့ စုစုပေါင်းအိမ်ခြေ ၁၀၀၀ ခန့်နီးပါးရှိမယ်။ ပြည်သူတွေကတော့ ၄ ထောင်လောက်ရှိမယ်။ တော်တော်များများကတော့ ပိတ်မိတယ်။ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု မရှိပါ။”ဟု ဆိုသည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အဖွဲ့မှ တော်လှန်းရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အဖွဲ့သည် ဧပြီလ ၁၅ ရက်နေ့က မန္တလေးတိုင်း နောင်ချိုမြို့နယ် သရက်ကုန်းရွာ စစ်ကောင်စီတပ်စခန်းတစ်ခုအား သိမ်းပိုက်ခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက ဝါးပိုးချပ်ကျေးရွာက စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်ခဲ့သေးသည်။