မံစီမြို့တွင်း စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲ၊ ဗန်းမာ်ဘက်ကနေ လက်နက်ကြီးပစ်ကူပေး
10 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ မံစီမြို့နယ်က စစ်ကောင်စီ တပ်စခန်းကုန်းတစ်ခုကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က သိမ်းပိုက်နိုင်ခဲ့ပြီး မံစီမြို့တွင်းမှာတော့ စစ်ရေးဆက်လက်တင်းမာနေ၍ တိုက်ပွဲဆက်ဖြစ်နိုင်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ဒီနေ့ မနက်ပိုင်းက ဆိုပါတယ်။
မံစီမြို့ကနေ ၄၅ မိနစ်လောက်သာ သွားရတဲ့နေရာ၊ ဂျန်မိုင်ရွာအတက်လမ်းကြောမှာရှိတဲ့ ခမရ (၆၀၁) တပ်ရင်းမှူးအထိုင် ဝလောင်လ (Wa Lawng La) စခန်းကုန်းနဲ့ ကာကင်းစခန်းကို မနေ့မနက် ၉ နာရီက သိမ်းပိုက်လိုက်တယ်လို့ မံစီဘက်က သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုပါတယ်။
“တိုက်တာက မြို့ကိုဝင်တိုက်တဲ့ရက်နဲ့ အတူတူပဲ။ ၃ ရက်မြောက်နေ့မှ ရတာ။ သူ့ဟာသူတော့ ဗျူဟာကျမယ်ထင်တယ်။ ဒီလောက်တိုက်ရတယ်ဆိုကတည်းက ခံနိုင်လို့လေ။ (စစ်ကောင်စီတပ်ဘက်က) အကြီးပိုင်းနေတယ်လို့ ကြားတယ်။ အဲ့ကုန်းမှာ။”
စခန်းကုန်းသိမ်း တိုက်ပွဲနဲ့ မေလ ၇ ရက်နေ့ တစ်ရက်တည်းမှာ စခဲ့တဲ့ မံစီမြို့သိမ်းတိုက်ပွဲ အခြေအနေကိုလည်း အခုလိုပြောပြပါတယ်။
“စစ်တပ်က မြို့ပြင်တောင်ကုန်းမှာ ရှိတာ။ မြို့အထဲမှာ ရဲစခန်းရှိတာ။ ရဲစခန်းကိုတိုက်တော့ ဒီကောင်တွေ စစ်ကားတွေနဲ့ ရောက်လာပြီးပြန်ဖြန့်တာ။”
တိုက်ပွဲ စစချင်းရက်မှာ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အတွင်း စစ်ကြောင်းထိုးလာတာကြောင့် လက်ရှိနှစ်ဘက်ဆိုင်ထားဆဲ အခြေအနေမျိုးမှာ ရှိတယ်လို့ သူကဆိုပါတယ်။
“အခုက ဘယ်လိုလဲဆိုတော့ ရဲစခန်းသိမ်းပြီးတဲ့အချိန်မှာ လေယာဉ်တွေ ဆက်တိုက်လာတယ်။ ပထမရက်မှာ ရဲစခန်းသိမ်းတော့ လေယာဉ်လာတယ်။ လက်နက်ကြီးပစ်တယ်။ စစ်ကားတွေ ဒီဘက်ကိုထိုးလာပြီးမှ နေရာပြန်ဖြန့်တယ်။”
မြို့ကို လက်မလွတ်ဖို့အတွက် စစ်တပ်ဘက်က လူအင်အားဖြည့်ပြီး ခုခံနေသလို မြို့ပြင်မှာရှိတဲ့ ခမရ ၆၀၁၊ ၆၀၂ နဲ့ လက်နက်ကြီးတပ်အပြင် ဗန်းမာ်ဘက်ကနေပါ လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ မေ ၈ ရက်နေ့က လေကြောင်းအသုံးပြုပြီး မရေမတွက်နိုင်လောက်အောင် ဗုံးကြဲချခဲ့ပြီး ဒီအတောအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြောင့် အရပ်သားနေအိမ်ထိ ခိုက်ပျက်စီးမှုတွေရှိတယ်လို့လည်း သိရပါတယ်။
မံစီမြို့မှာ စစ်ရေးဆက်လက် တင်းမာနေတဲ့ အခြေအနေရှိတယ်လို့ သိထားရပါတယ်။