မိုးမောက်တွင် စစ်ကောင်စီတပ်များ စခန်းစွန့်ခွာထွက်ပြေးမှုရှိ၊ တိုက်ပွဲဆက်လက် ဖြစ်ပွားနေ
9 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရှိကြောင်းသိရသည်။
မိုးမောက်မြို့တွင်း၊ မိုးမောက် – ဗန်းမော်လမ်းကြောရှိ ခမရ ၄၃၇ တပ်၊ (ဗန်းမော်) ၅ မိုင်ရှိ စုပေါင်းစစ်ဆေးရေးဂိတ် အပါအဝင် လမ်းကြောတစ်လျှောက်လုံး တိုက်ပွဲဖြစ်ပွားနေသည်ဟု မိုးမောက်စစ်ရှောင်တစ်ဦးက ဆိုသည်။
“မိုးမောက် ၇ မိုင်၊ ၆ မိုင်၊ ၅ မိုင် တိုက်ပွဲ ဖြစ်နေတယ်။ တပ်လှုပ်ရှားစစ်ကြောင်းတွေ ပိတ်မိနေတယ်။ မြို့ထဲ၊ ရွာထဲတွေမှာ တိုက်ပွဲဖြစ်နေတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေပါ။”
မိုးမောက်နှင့် ဗန်းမော်မြို့ကြား (၅) မိုင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာတွင် စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိသည့်အတွက် KIA နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့က လိုက်လံတိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“မေးကြည့်တာ စစ်ကောင်စီတွေ ထွက်ပြေးသွားတာ အနောက်ဘက်ခြမ်းကို ပြေးသွားလို့ ပြန်လိုက်ပစ်နေတာလို့ ပြောတယ်။ ခုလက်နက်ကြီးတွေ၊ မနက်ကတည်းက ဆက်တိုက်ပစ်နေတာ။”ဟု သတင်းရင်းမြစ်က ပြောသည်။
ဗန်းမော်မြို့ဘက်မှ တိုက်ပွဲဖြစ်ပွားရာဘက်သို့ လက်နက်ကြီးများ ဆက်တိုက်ပစ်ကူပေးနေသည်ဟု ဆိုသည်။
မေလ ၇ ရက်နေ့ကစပြီး မိုးမောက်ရှိ ခမရ ၄၃၇ စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ရာ ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား နေအိမ်ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရှိရသည်။
စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့သည် ဗန်းမော်၊ မိုးမောက်၊ မံစီနှင့် ဝိုင်းမော်မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခုကျော်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ တပ်စခန်းများကို လက်လွတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီက ယမန်နေ့ညတွင် မြစ်ကြီးနား – ဗန်းမော်လမ်း ဒဘတ်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။