မျက်စိတစ်မှိတ်အတွင်း ပျောက်ဆုံးသွားသော အသက်များ
2 May 2024 – Kachinwaves
“နိုင်ငံ့အခြေအနေ မကောင်းတာကြောင့် ဒီမိုင်ဆတ်ပါကနေ လိုင်ဇာဘက်ကို ပြောင်းရွှေ့နေထိုင်လာတာ အခုဆိုရင် ၁၀ နှစ် ကျော်ရှိလာပြီလေနော်။ ကျွန်တော်တို့ မိခင်ဖခင်တွေ ခံစားရတာတွေကို ပြောပြချင်တဲ့ အကြောင်းအရာတွေ ရှိတယ်။ ပြီးတော့ ဒီလိုစစ်ရှောင်ရတဲ့အခါ ကျွန်တော်တို့ မိဘတွေအနေနဲ့ ကလေးတွေအပေါ်မှာ ကျောင်းမတက်မနေရမို့ ဘာမှမရှိတဲ့ ဆင်းရဲမွဲတေနေတဲ့ကြားက ကျောင်းထားထားတာကို ခုလိုမျိုး စကစ က ခုလိုမျိုး လေယာဉ်နဲ့ လာပစ်တဲ့အတွက် ကျွန်တော့ သားသမီးတွေလည်း ဆုံးရှုံးသွားရတယ် ပြီးတော့ မိဘတွေဖြစ်တဲ့ ကျွန်တော်တို့ကလည်း ဒီလိုမျိုးကလေးတွေ ဆုံးရှုံးလိုက်ရတဲ့အပေါ် စိတ်က အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရတယ်လေ။”
အခုလိုပြောပြနေတာကတော့ ကချင်ပြည်နယ် KIO/KIA ဌာနချုပ် လိုင်ဇာမြို့အနီးမှာရှိတဲ့ မုန်လိုက်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက အင်အားပြင်းဗုံးအသုံးပြုတိုက်ခိုက်ခဲ့စဥ် သားသမီး ၅ ယောက် ဆုံးရှုံးခဲ့ရသူ ဖခင်တစ်ဦး ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ၂၀၂၃၊ အောက်တိုဘာ ၉ ရက်နေ့ည ၁၁ နာရီခွဲအချိန်ခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ၁၆ နှစ်အောက် ကလေး (၇) ယောက်နဲ့ ၅ နှစ်အောက် ကလေးသူငယ် (၄) ယောက်အပါအဝင် ၂၉ ဦး သေဆုံးခဲ့ရပြီး (၅၇) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။
အဲ့ဒီတိုက်ခိုက်ခံရမှု ဖြစ်စဉ်ထဲမှာတော့ ဦးအူဒီလာဂျာနဲ့ ဒေါ်ကွမ်ဘူရွယ်ဂျီးတို့ရဲ့ သားသမီး ၅ ဦးလည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ကွမ်ဘူရွယ်ဂျီးနဲ့ ဦးအူဒီလာဂျာတို့ဟာ တောင်ယာလုပ်ကိုင်ကြတဲ့ တောင်သူတွေဖြစ်ကြပြီးတော့ ၂၀၁၁ ခုနှစ်မှာ ပြန်လည်စတင်လာခဲ့တဲ့ KIA နဲ့ မြန်မာစစ်တပ်ရဲ့ တစ်ကျော့ပြန်စစ်ပွဲကြောင့် လိုင်ဇာဌာနချုပ်အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းဆီသို့ စစ်ရှောင် လာခဲ့ကြတာ ဖြစ်ပါတယ်။
ဒေါ်ကွမ်ဘူရွယ်ဂျီးကတော့ သူမအသက် ၁၀ နှစ်အရွယ်ကတည်းက စစ်ပွဲတွေကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးလည်းဖြစ်သလို စစ်ရှောင်ခဲ့ရတဲ့ သက်တမ်းဟာလည်း မနည်းခဲ့လှ ပါဘူး။
ဦးအူဒီလာဂျာဟာလည်း ယခင်က KIA စစ်သားတစ်ဦးဖြစ်ခဲ့ပြီး အမြင်အာရုံဝေဝါး လာတာကြောင့် ၁၉၈၀ ကျော်ကတည်းက အနားယူကာ တောင်ယာအလုပ် လုပ်ကိုင်ရင်း သားသမီးတွေကို ပညာတတ်ဖြစ်စေရမယ်ဆိုတဲ့ စိတ်နဲ့ ပြုစုပျိုးထောင်နေသူ ဖခင်တစ်ဦး ဖြစ်ပါတယ်။
မုန်လိုင်ခက်ဖြစ်စဥ် ဖြစ်ပွားခဲ့တဲ့ညမှာတော့ ဦးအူဒီလာဂျာနဲ့ ဒေါ်ကွမ်ဘူရွယ်ဂျီးဟာ မုန်လိုင်ခက် စစ်ရှောင်စခန်းနဲ့ (၅) မိုင်လောက်ဝေးတဲ့ မိုင်ဆတ်ပါရွာအနီးက တောင်ယာတဲမှာ သွားရောက်နေထိုင်ပြီး တောင်ယာလုပ်ကိုင် ခဲ့တာဖြစ်တဲ့အတွက် အသက်ရှင်ကျန်ရစ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ရှောင်စခန်းမှာ ကျန်ရစ်နေခဲ့တဲ့ ၄င်းတို့ရဲ့ သားသမီး ၅ ဦးကတော့ ဖြစ်ရပ်ဆိုးကြီးအတွင်း ပါဝင်သွားခဲ့ရပါတယ်။
သားသမီး ငါးဦးအနက် အငယ်ဆုံးက အသက် ၁၀ နှစ်သာရှိပါသေးတယ်။
အဲဒီဖြစ်စဉ်မှာ ပါသွားခဲ့ကြရတဲ့ သားသမီး (၅) ဦးကတော့ အူဒီယော်ခမ့်၊ သူကတော့ အသက် (၁၀) နှစ်သာရှိပါသေးတယ်။ အူဒီထုဆန်မိုင် သူကတော့ အသက် (၁၃) နှစ်၊ အူဒီရွယ်ဂျာ သူကတော့ အသက် (၁၆) နှစ်၊ အူဒီလုမိုင် သူကတော့ အသက် (၂၀) နှစ်၊ အူဒီလာခေါင် သူကတော့ အသက် (၂၂) နှစ်တို့ ဖြစ်ကြပါတယ်။
သူတို့တွေဟာ ဒီဖြစ်ရပ်ကြီးကို ဖြစ်လို့ဖြစ်သွားမှန်းတောင် သိလိုက်ကြမှာ မဟုတ်ပဲ ခရစ်တော်မှာ အိပ်ပျော်ခဲ့ကြရပါပြီ။
ဦးအူဒီလာဂျာနဲ့ ဒေါ်ကွမ်ဘူရယ်ဂျီးတို့ဟာ သားသမီးတွေအပေါ် ပညာတတ်ကြီးတွေ ဖြစ်စေရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြုစုပျိုးထောင်နေကြတာဖြစ်တဲ့အလျောက် ရင်ကျိုးမတတ် ခံစားခဲ့ကြရပါတယ်။
“ကျွန်မတို့ မာယော်ဆိုရင် ဒီဘက်တကျောမှာ ကွက်ဝိုက်ပြီး ပြတ်ထွက်သွားတာ။ မာလုကျတော့ ဒီနဖူးကနေ အဲ့လို ပြတ်ထွက်သွားတာ။ မာဂျာကတော့ မျက်နှာမှာ ခြစ်ရာတွေကြီးပဲ၊ သူတို့မောင်နှမတွေ လွင့်ထွက်သွားပြီး ဘယ်လို ခြစ်မိရှမိသွားလို့ ဖြစ်သွားလဲတော့ မသိဘူး။ မာထုကလည်း အဲ့လိုပဲ ခြစ်ရာရှရာတွေပဲ၊ လခေါင်လည်း အဲ့လို ခြစ်ရာရှရာတွေချည်းပဲ ဖြစ်သွားတာ။ လက်တွေဘာတွေ ကိုင်ကြည့်တော့လည်း အကုန်လုံး ပျော့အိပျော့ဖတ်ဖြစ် ဖြစ်သွားတာ။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် အရပ်သား သေဆုံးခဲ့တဲ့ ဖြစ်စဉ် (၆) ခု
တိုက်ခိုက်ခံခဲ့ရတဲ့နေရာ – မကွေးတိုင်း ဂန့်ဂေါ်မြို့နယ် နှမ်းခါးကျေးရွာ
တိုက်ခိုက်ခဲ့တဲ့ရက် – ၁၉ ဒီဇင်ဘာ ၂၀၂၁
အရပ်သားသေဆုံးသူ – ၁၀ ဦး
=
တိုက်ခိုက်ခံခဲ့ရတဲ့နေရာ – ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ
တိုက်ခိုက်ခဲ့တဲ့ရက် – ၉ ဩဂုတ် ၂၀၂၂
အရပ်သားသေဆုံးသူ – ၁၅ ဦး
=
တိုက်ခိုက်ခံခဲ့ရတဲ့နေရာ – စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း
တိုက်ခိုက်ခဲ့တဲ့ရက် – ၁၆ စက်တင်ဘာ ၂၀၂၂
အရပ်သားသေဆုံးသူ – ၁၂ ဦး
=
တိုက်ခိုက်ခံခဲ့ရတဲ့နေရာ – ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ ဟောခန်းမ
တိုက်ခိုက်ခဲ့တဲ့ရက် – ၂၃ အောက်တို ၂၀၂၂
အရပ်သားသေဆုံးသူ – ၂၀ ဦး
=
တိုက်ခိုက်ခံခဲ့ရတဲ့နေရာ – စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ
တိုက်ခိုက်ခဲ့တဲ့ရက် – ၁၁ ဧပြီ ၂၀၂၃
အရပ်သားသေဆုံးသူ – ၁၆၅ ဦး
=
တိုက်ခိုက်ခံခဲ့ရတဲ့နေရာ – ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက်စစ်ရှောင်စခန်း
တိုက်ခိုက်ခဲ့တဲ့ရက် – ၉ အောက်တိုဘာ ၂၀၂၃
အရပ်သားသေဆုံးသူ – ၂၉ ဦး