စဉ့်ကူးတိုက်ပွဲတွင် ဒုဗိုလ်ကြီးတင်ကို အပါအဝင် စစ်သား ၁၁ ဦးသေဆုံးပြီး ၁၅ ဦးလက်နက်ချ
30 April 2024 – Kachinwaves
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တေဇ (၂၈) အရာရှိသင်တန်းဆင်း တတက (၁၃) အုပ်ချုပ်မှုဌာနမှူး ဒုဗိုလ်မှုးကြီးတင်ကို အပါအဝင် စစ်သား ၁၁ ဦသေဆုံးခဲ့ပြီး ၁၅ ဦး လက်နက်ချအညံ့ခံခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စဉ့်ကူးမြို့နယ်အတွင်းရှိ အခြားစခန်းငယ်တစ်ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲ ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တော်လှန်ရေးအင်အားစုဘက်မှ လက်နက်ငယ် ၁၉ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက် အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး အထိအခိုက် တစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း ပါရှိသည်။
ဝါးပိုးချပ်ရွာသည် စဉ့်ကူးမြို့နယ်အရှေ့ဘက် နောင်ချိုမြို့နယ်အစပ်တွင် တည်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိကာ အများစုမှာ သစ်လုပ်ငန်းနှင့် ရွှေလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကလည်း နောင်ချိုနှင့် ပြင်ဦးလွင်ကြားရှိ သရက်ကုန်းရွာ စစ်ကောင်စီတပ်စခန်းအား MDY-PDF မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သလို စစ်ကောင်စီဘက်မှ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။