ဖားကန့် ဆိုင်းတောင်မှာ ရိက္ခာဆင်းဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရ
30 April 2024 – Kachinwaves
ဖားကန့်မြို့၊ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာမှာ ဒီကနေ့မွန်းလွဲ ၁ နာရီလောက်က သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရဲတပ်ရင်းကုန်းကနေ ရိက္ခာယူဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆိပ်မူရွာလယ်မှာ KIA၊ KPDF တပ်ဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ KPDF နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“ကုန်းပေါ်ကနေ ရိက္ခာလာဆင်းယူတာ။ ဆိုင်းတောင် ရွာလယ်ရွှေဆိုင် လမ်းကြားမှာ ဖြစ်တာ”
သေနတ် ပစ်ခတ်သံတွေကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေဟာ တိုက်ပွဲဖြစ်ပြီအထင်နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သေးတယ်လို့လည်း သိရပါတယ်။
မိနစ်ပိုင်းခန့် ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် အခြေအနေ ငြိမ်သွားပြီဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဆိုင်းတောင်ကျေးရွာထဲမှာ စစ်ကောင်စီနဲ့ KIA၊ KPDF အဖွဲ့ကြား ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွါးလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တိုက်ပွဲတွေလည်း ဖြစ်ပွါးခဲ့ဖူးပါတယ်။