NUG ၏ မြို့နယ်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ (TAB-NR) တွင် ပါဝင်ခဲ့ဖူးသည့် ဦးခိုင်မင်းသက် လွတ်မြောက်လာခြင်း မရှိသေး
28 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၏ မြို့နယ်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ (TAB-NR) တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ကိုယ်စားလှယ်အဖြစ် အဖွဲ့ဝင် ပါဝင်ခဲ့သည့် ဦးခိုင်မင်းသက် သည် NUG အစိုးရ ထုတ်ပြန်ခဲ့သော စစ်သည်ကျင့်ဝတ်များကို မိတ္တူဆွဲ ဖြန့်ဝေခဲ့ပြီးနောက် ဖမ်းဆီးခံရပြီး လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
ဆန္ဒပြရန် လှုံ့ဆော်သည်ဟုဆိုကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသည့် အသက် ၄၀ နှစ်အရွယ် ဦးခိုင်မင်းသက် ကို နံနက် ၉ နာရီခွဲအချိန်တွင် မဲဇာရွာ လက်ဖက်ရည်ဆိုင်မှ အပြန်လမ်းတွင် ဖမ်းဆီးသွားခဲ့ကြောင်း အမျိုးသမီးတစ်ဦးက ပြောပါသည်။
ဦးခိုင်မင်းသက်သည် ဖမ်းဆီမခံရမီ ရက်ပိုင်းအလိုတွင် NUG အစိုးရ ထုတ်ပြန်ခဲ့သော စစ်သည်ကျင့်ဝတ်များကို မိတ်တ္တူဆွဲပြီး ဖြန့်ဝေခဲ့ကြောင်း ၎င်းနှင့်ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက ပြောသည်။
ဦးခိုင်မင်းသက် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖမ်းဆီးခဲ့သည့် အကြောင်းရင်းကို ငြင်းဆိုပြီး MOD လက်အောက်ခံ ကသာခရိုင် တပ်ရင်း (၂) အင်းတော် PDF က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
“ဖမ်းသွားတာက MOD က ဖမ်းတာပါ။ သူကအရင်တုန်းက သယံဇာတအဖွဲ့မှာ တာဝန်ထမ်းဆောင် ဖူးတယ်။ အရင်က သယံဇာတ အခွန်ငွေတွေ လိမ်ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရေးမယူခဲ့ပါဘူး။ အခုကတော့ ဘာကြောင့် ဖမ်းသွားလဲဆိုတာ မသိရှိရပါဘူး။”ဟု ဆိုသည်။
ဦးခိုင်မင်းသက်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က ဖွဲ့စည်းလိုက်သော အင်းတော်မြို့နယ်၏ မြို့နယ်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ (TAB-NR) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးသူ ဖြစ်သည်။