တန့်ဆည်မြို့နယ်တွင် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိခဲ့သော စစ်ကောင်စီတပ်က အရပ်သားနေအိမ် ၄၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့
27 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ထံမှ သိရသည်။
ဧပြီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ အင်အား ၁၀၀ ကျော်ဖြင့် တန့်ဆည်မြို့ အနောက်ဘက် သာကေတကျေးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု PLA တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ကြောင်းက ၂၂ ရက် ညနေ ၂ နာရီအချိန်လောက်က တန့်ဆည်မြို့ အရှေ့မြောက်ဘက်ရှိ သာကေတရွာကို ရောက်ပြီး ၃ နာရီလောက်မှာ ကျနော်တို့ဘက်က စတင်ပြီး လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့အင်အား အတိအကျမပြောနိုင်ပါဘူး။ ၁၀၀ ကျော်တော့ရှိမယ်။”ဟု ဆိုသည်။
၎င်းစစ်ကောင်စီစစ်ကြောင်းသည် နားဋောင်ကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားပြီး သာကေတကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၄၉ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအား PLA၊ TCRF (PLA) နှင့် KPK မဟာမိတ်ပူးပေါင်းတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းနှင့် အထိအခိုက်မရှိခဲ့ကြောင်း ပြောသည်။