မိုးမောက်မြို့မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ
22 April 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ ဒီကနေ့မနက် ၈ နာရီကစပြီး စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။
ဗန်းမော်ဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်တယ်လို့ မြို့နေပြည်သူတစ်ဦးက ဆိုပါတယ်။
တိုက်ပွဲစတင်ချိန်ကစပြီး သတင်းရေးသားနေချိန် နံနက် ၁၁ နာရီထိ လက်နက်ကြီးပစ်ခတ်သံတွေ မရေမတွက်နိုင်အောင် ဆက်တိုက်ကြားနေရတယ်လို့လည်း သူကဆိုပါတယ်။
“အသေးသံကတော့ တစ်ခါတလေပဲ ကြားရတယ်။ အကြီးက ပစ်နေတုန်းပဲ”
တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်မြို့ဘက်ကို ဗန်းမော်ဘက်ကနေ လက်နက်ကြီး ပစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။
မိုးမောက်မြို့ဟာ KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့သစ်နဲ့ ဆယ်မိုင်ဝန်းကျင် အကွာမှာတည်ရှိပြီး မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသေးပေမယ့် ရဲစခန်းက စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားတဲ့အတွက် မြို့မှာ KIA နဲ့ ပူးပေါင်းအဖွဲ့က နေရာယူထားတယ်လို့ သိရပါတယ်။