ဗန်းမော်မြို့မှာ စစ်ကောင်စီက အရပ်ဝတ်အသွင်ယူပြီး ပြည်သူတွေကို ရှောင်တခင်ဖမ်းဆီးနေတယ်လို့ ပြော
27 March 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ဧရာဝတီမြစ်ကမ်းဘေးမှာ စစ်ကောင်စီက အရပ်ဝတ်ပုံစံအသွင်ယူပြီး အရပ်သားပြည်သူတွေကို ရှောင်တခင်ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဗန်းမော်၊ ခွန်သာရပ်ကွက်ဘက်က မြစ်ကမ်းဘေးမှာ ညနေပိုင်းအချိန်ရောက်ရင် စစ်ကောင်စီတွေ အရပ်ဝတ်အသွင်ယူပြီး အရပ်သားဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတာကို မျက်မြင်တွေ့ခဲ့သူထံကတစ်ဆင့် သိရှိရကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။
“နေ့တိုင်းဆွဲနေတာ။ အလစ်ချောင်းပြီး။ သတင်းပြောပြတဲ့သူရှေ့မှာ ဆွဲသွားတာ။ ကားကို ဘုန်းကြီးကျောင်းနားရပ်ပြီး သူတို့ဆင်းပြီးဆွဲတာ။ အဲ့နားမှာ ဘုန်းကြီးကျောင်း ၄ ကျောင်းလောက်ရှိတယ်။”
ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကစပြီး ဗန်းမော်မြို့မှာ လူဖမ်းနေတယ်ဆိုတဲ့သတင်းတွေ ခပ်စိပ်စိပ်ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒီအတောအတွင်း ခွန်သာရပ်ကွက်ဘက်မှာ ဖမ်းဆီးခံရတာတော့ အယောက် ၃၀ ဝန်းကျင်လောက်ရှိနေပြီလို့ သူကဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို မန္တလေးဘက်ကိုလေယာဉ်နဲ့ တန်းပို့တယ်လို့ တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကတစ်ဆင့် သိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
ဇန်နဝါရီ ၂၄ ရက်နေ့ ညနေပိုင်းကလည်း ဗန်းမော်မြို့ ကမ်းနားဈေးနဲ့ ကမ်းနားလမ်းတစ်လျှောက်မှာရှိနေတဲ့ အရပ်သားပြည်သူ ၁၀၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်အပြင် မတ်လ ၁၀ ရက်နေ့ကလည်း ဗန်းမော်မြို့ နှစ်ခြင်းဘုရားကျောင်းမှာရှိတဲ့ ရောဘတ်စစ်ရှောင်စခန်းက သင်းအုပ်ဆရာတစ်ဦး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။