ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ရှမ်းနီပြည်သူ့စစ် စစ်ကြောင်းကို KPDF က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့
21 March 2024 – Kachinwaves
မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ စစ်ကြောင်းထိုးလာတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို မတ် ၂၀ ရက်နေ့ (မနက်ပိုင်း ၁၀ နာရီဝန်းကျင်) က ဟိုပင် KPDF အဖွဲ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရှိရပါတယ်။
ဟိုပင်နန့်ရင်းရပ်ကွက်ထဲ စစ်ကြောင်းထိုးလာတဲ့ ပြည်သူ့စစ်စစ်ကြောင်းကို ဒရုန်းနဲ့ဗုံးလေးလုံးချပြီး တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံကတစ်ဆင့် သိရပါတယ်။
“မြို့ဦးစေတီဘက်ကနေ နန့်စွန်းဘက်တက်လာလို့ လုပ်လိုက်တာ ဟုတ်တယ်။ ဒီဘက်က ဒရုန်းနဲ့ချတာ နှစ်ယောက်သေတယ်။ ဒဏ်ရာရသူလည်း ရှိတယ်။ တွဲခေါ်သွားတာ နှစ်ယောက်၊ သုံးယောက်လောက်ရှိတယ်။”
အခုနှစ် ဖေဖော်ဝါရီ တတိယအပတ်ကစပြီး စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ်တွေဟာ ဟိုပင်မြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ နန့်ရင်းကျေးရွာဘက်ကို စစ်ကြောင်းထိုး၊ လက်နက်ကြီး ပစ်ခတ်နေတာဖြစ်ပြီး နန့်ရင်းတံတားထိပ်နှစ်ဖက်မှာ ကျင်းတူးပြီး မြေမြုပ်မိုင်းတွေ ထောင်ခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဘက်က မိုင်းတွေ သွားရောက်ရှင်းလင်းခဲ့ရကြောင်း သိရပါတယ်။
အရပ်သားတွေကို ဖမ်းဆီးပြီး စစ်သင်တန်းတွေပေးနေတဲ့ SNA နဲ့ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့တွေက အခုလက်ရှိ ဟိုပင်မြို့အဝင်က မြို့ဦးစေတီဘက်မှာ တပ်စွဲထားတယ်လို့ သိရှိရပါတယ်။