နေ့လယ်ကထိန်ပွဲ ကျင်းပခဲ့တဲ့ညမှာပဲ ဇီးပေါက်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့
–
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာကို စစ်ကောင်စီတပ်က မနေ့က နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပျက်စီးခဲ့ပြီး အိမ်မွေး တိရိစ္ဆာန်တွေ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇီးပေါက်ရွာမှာ နေ့လယ်ပိုင်းက ကထိန်ပွဲကျင်းပခဲ့တဲ့ညမှာပဲ စစ်ကောင်စီတပ်က ဂျင်ဖိုက်တာ (၃) စီးနဲ့ (၃) ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ ဗုံးအလုံးရေ (၂၀) ကျော်ကြဲချခဲ့တယ်လို့ ဇီးပေါက်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“နေ့လည်ပိုင်းတော့ ကထိန်ပွဲရှိတယ်။ ညပိုင်းရောက်တော့ လေယာဉ်နဲ့ လာကြဲတာပေါ့။ ပထမတစ်ခေါက် ဂျက်ဖိုက်တာက စာသင်ကျောင်းကြဲတာမို့ အထိအခိုက် မရှိဘူး။ အဲ့ကတည်းက ရွာသားတွေက ရှောင်လိုက်တော့ နောက်ဂျက်ဖိုက်တာတွေလာတော့ ရှောင်ချိန်ရလိုက်တယ်။ အဲ့တာမို့ပဲ ပြည်သူတွေ အထိခိုက်မရှိခဲ့တာ။ ဒုတိယတစ်ခေါက်နဲ့ တတိယတစ်ခေါက် လာကြဲတဲ့ခါမှာတော့ ဘုန်းကြီးကျောင်းနဲ့ တခြားနေရာတွေ ထိကုန်တာ။”လို့ ဒေသခံအမျိုးသားက ဆိုပါတယ်။
မိတ္ထီလာတက် ဂျက်ဖိုက်တာတစ်စီးနဲ့ ည ၉ နာရီမှာတစ်ကြိမ်၊ နောက်ထပ် မိတ္ထီလာတက် ဂျက်ဖိုက်တာနဲ့ပဲ ည ၁၀ နာရီ ၃၇ မိနစ်မှာတစ်ကြိမ်၊ တံတားဦးတက် ဂျက်ဖိုက်တာနဲ့ပဲ ည ၁၁ နာရီလောက်မှာတစ်ကြိမ် သုံးကြိမ်ကြဲချခဲ့တယ်လို့ ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ဇီးပေါက်ရွာမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် (၇) လုံးအပြင် ဝက် (၃) ကောင်း၊ နွား (၃) ကောင်သေပြီး၊ နွားတစ်ကောင် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။
“နွားသုံးကောင်သေ၊ တစ်ကောင်ဒဏ်ရာရတယ်။ ဝက်နှစ်ကောင်လည်း သေတယ်။ နောက်ရွာအပြင် မီတာတစ်ထောင်လောက်ဝေးတဲ့ ကုန်းမြေမှာ ပေါင်နှစ်ရာဗုံးတစ်လုံး မကွဲသေးတာနဲ့ တတိယ ဂျက်ဖိုက်တာကပစ်တဲ့ ရော့ကက်လေးလုံး မကွဲသေးတာ ကျန်နေသေးတယ်။”လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇီးပေါက်ရွာက ပြည်သူတစ်ထောင်လောက်နဲ့ ရွာချင်းကပ်လျက်မှာရှိတဲ့ ကံလေးကုန်းရွာက ပြည်သူတစ်ထောင့်ငါးရာကျော်လည်း ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။