KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က အရေးကြီးစခန်းကြီး ၃ ခုကို ဒီနေ့ ထပ်မံသိမ်းပိုက်
21 March 2024 – Kachinwaves
KIA ဌာနချုပ်ဟောင်းဖြစ်ခဲ့တဲ့ ဝိုင်းမော်မြို့နယ် ပါဂျောင်ဘက်က နာဖော့စစ်ကောင်စီတပ်စခန်းနဲ့ မိုးမောက်မြို့နယ်က နွမ်လန့်တပ်ရင်းအထိုင်စခန်းနဲ့ အမြောက်တပ်တစ်ခုကို ဒီကနေ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နာဖော့စခန်းဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တစ်ပါတီ၊ ဗိုလ်ချုပ်နေဝင်းလက်ထက် ၁၉၈၇ မေလမှာ လက်လွတ်ခဲ့ရတဲ့စခန်းဖြစ်ပြီး စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၄ ရက်မြောက်နေ့ ဒီကနေ့ မတ် ၂၁ ရက်နေ့မှာ သိမ်းပိုက်ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ KIO သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဝိုင်းမော်အပြင် မိုးမောက်မြို့နယ်ထဲက စစ်စခန်းကြီးတစ်ခုဖြစ်တဲ့ နွမ်လန့်အခြေစိုက် ခမရ ၄၃၈ တပ်ရင်းစခန်းကို ဒီနေ့ ညနေ ၅ နာရီခွဲလောက်မှာ သိမ်းပိုက်ရရှိခဲ့သလို နွမ်လန့်အနောက်ဘက် နောင်ကွမ်ရှိ အမြောက်တပ် ခမရ (၆၁၆) ကိုလည်း ဒီနေ့ည ၇ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၄ ရက်နေ့မှာပဲ မိုးမောက်မြို့နယ် ဒါဆိုင်းက ခလရ (၂၃၇) တပ်ရင်းစခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ် ၇ ရက်နေ့ကစပြီး မြစ်ကြီးနား – ဗန်းမော်လမ်းကြောက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့အထိ စခန်းအကြီး၊ အသေးစုစုပေါင်း ၄၀ ဝန်းကျင်သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။