ဖယ်ခုံမြို့နယ် လအိကျေးရွာဆေးရုံကို စစ်ကောင်စီ က လေယာဉ်ဖြင့် ဗုံးကြဲ
22 March 2024 – Kachinwaves
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာဆေးရုံကို စစ်ကောင်စီ က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့၍ အရပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် တံတားဦးတက် Y-12 ထောက်ပို့/ဗုံးကြဲလေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြဲချခဲ့ကြောင်း ဒေသခံက ပြောသည်။
“တိုက်ပွဲဖြစ်နေတာက ဖယ်ခုံမြောက်ဘက် ဆောင်းပြောင်းမှာပါ လေယာဥ်လာကြဲတာ ဖယ်ခုံအနောက်ဖက် လအိဆေးရုံ အဲ့ဆေးရုံက စစ်ရှောင်တွေနဲ့လူထုကို ကုပေးနေတဲ့ဆေးရုံပါ။ ထိခိုက်မှုအသေးစိတ်တော့ မသိရသေးပါ။”ဟု ဆိုသည်။
လတ်တလော အနေအထားအရ အရပ်သားနှစ်ဦးသေဆုံးသည်ဟုသာ သိရှိရသည်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် မတ် ၁၉ ရက်နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်း PDF၊ KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“၁၉ ရက်နေ့ကတည်းက ဖြစ်နေတယ်။ ဆောင်းပြောင်းစခန်းပြန်ရရေး စကစ နဲ့ PNO (ပြည်သူ့စစ်အဖွဲ့) အသည်းအသန် လိုက်တိုက်နေတာပါ။”
စစ်ကောင်စီနှင့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ရရှိရန်ကြိုးစားနေသည့် ဆောင်းပြောင်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့အနီးတွင်ရှိပြီး မတ် ၁၈ ရက်နေ့က အဆိုပါစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။