ဘွမ်ရဲစခန်းကြီးနဲ့အတူ စခန်းငယ် ၂ ခုသိမ်းနိုင်၊ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေ
16 March 2024 – Kachinwaves
လိုင်ဇာမြို့ကိုလက်နက်ကြီးလှမ်းပစ်နိုင်တဲ့ အကြီးဆုံးစစ်စခန်းကြီးဖြစ်တဲ့ ဘွမ်ရဲဘွမ်စစ်တပ်စခန်းနဲ့ လိုင်စင်ဒေသက ဗန္ဓုလစစ်တပ်ကုန်းကို မနေ့က KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကတဆင့် သိရပါတယ်။
မတ်လ ၇ ရက်နေ့ကတည်းက လိုင်ဇာအနီး ခယာဘွမ်တောင်ကြောပေါ်က စခန်းကုန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ရာက မနေ့မွန်းလွဲ ၁ နာရီဝန်းကျင်မှာ နောက်ဆုံးလက်ကျန် ဘွမ်ရဲဘွမ်စခန်းကို အပြီးသိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။
လိုင်စင်အနီးက ဗန္ဓုလစခန်းကိုတော့ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ သိမ်းနိုင်တယ်လို့သိရှိရပြီး ဗန္ဓုလကုန်းအနီးက စစ်စခန်းတစ်ခုလည်း အလိုအလျောက်ဆုတ်ခွါသွားတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်အချို့ထံက သိရှိရပါတယ်။
စခန်းသိမ်းပြီးနောက် မနေ့က မွန်းလွဲ ၃ နာရီဝန်းကျင်နဲ့ ဒီကနေ့မနက်ပိုင်း ၁ နာရီမှ ၄ နာရီအထိ တိုက်လေယာဉ်တွေအသုံးပြုပြီး ခါယာဘွမ်နဲ့ အလဲန့်ဘွမ်တောင်ကြောပေါ် ဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရတယ်။
မတ် ၇ ရက်နေ့ကစပြီး KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ မြစ်ကြီးနား – ဗန်းမော်လမ်းကြောပေါ်က စစ်ကောင်စီစခန်းတွေကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တစ်ပတ်ကျော်အတွင်း စခန်းပေါင်း ၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပူတာအို – မြစ်ကြီးနား လမ်းမကြီးပေါ်က ဆွမ်ပရာဘွမ်မြို့မှာလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြောင်း သိရပါတယ်။