ပူတာအိုမြို့ အခြေစိုက် ခလရ ၄၆ တပ်ရင်းမှ တပ်မိသားစုဝင်များကို ထောက်ပို့လေယာဉ်ဖြင့် ခေါ်ဆောင်သွားသည်ဟုဆို
16 March 2024 – Kachinwaves
ပူတာအို အခြေအစိုက် စစ်ကောင်စီ၏ အမှတ် (၄၆) ခလရ တပ်ရင်းမှ တပ်မိသားစုဝင်များကို ထောက်ပို့လေယာဉ်ဖြင့် ယနေ့ ခေါ်ဆောင်သွားကြောင်း ကနဦး သတင်းရရှိသည်။
ပူတာအိုမြို့နှင့် မြစ်ကြီးနား ကားလမ်းကြီးပေါ်ရှိ ဆွမ်ပရာဘွမ်မြို့တွင် မတ် ၈ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီ၏ တပ်စခန်းအချို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည်။
ဆွမ်ပရာဘွမ်မြို့ရှိ တပ်စခန်းလည်း တိုက်ခိုက်ခံနေရ၍ တိုက်ပွဲပြင်းထန်နေရာ စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲခုခံကာကွယ်နေကြောင်း ဒေသနှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် မတ် ၉ ရက်နေ့တွင်လည်း မြစ်ကြီးနား လေဆိပ်ခရီးစဉ်များ ခေတ္တရပ်ဆိုင်းခဲ့ပြီး ယင်းခရီးစဉ် ရပ်ဆိုင်းခဲ့သည့်နေ့များတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မိသားစုဝင်များကို လေယာဉ်ဖြင့် သယ်ဆောင်သွားခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။
ပူတာအိုမြို့သည် ကားလမ်းတစ်ခုနှင့် လေကြောင်းဖြင့်သာ အဓိက ကူးလူးဆက်သွယ်နေသည့် မြို့ဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့ကို စစ်တပ်လက်လွတ်သွားလျှင် ပူတာအိုနှင့် မချမ်းဘော့မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းများအတွက် ကုန်းလမ်းပြတ်တောက်သွားမည် ဖြစ်သည်။
ကချင်ပြည်နယ်တွင် မတ် ၇ ရက်နေ့မှစတင်ပြီး KIA နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်းများအား ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေသည်။