ဗန်းမောက်တွင် ပြည်သူတစ်ဦး ပကဖ ရဲဘော်နှစ်ဦး၏ ရိုက်နှက်ခြင်းခံရ
15 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်းရှိ ဒယူးရွာအနီး ညောင်ပင်အောက်အရက်ဆိုင်တွင် ပကဖ ရဲဘော်နှစ်ဦးက ပြည်သူတစ်ဦးအား ရိုက်နှက်မှု မတ်လ ၁၀ ရက်နေ့၌ဖြစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ရိုက်နှက်ခဲ့သူနှစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော် တာလီဘန် ဆိုသူနှင့် ဟစ်တလာ ဆိုသူနှစ်ဦးဖြစ်ပြီး၊ အရက်ဆိုင်တွင် ဆီကိစ္စစကားများကြရာမှ မျက်နှာကိုဖိနပ်ဖြင့် ရိုက်နှက်ခဲ့၍ ခေါင်းကွဲခဲ့ကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။
“အဲ့လူက သုံးဘီးလေးနဲ့ ဆီတိုက်စားတာ အဲ့တာကို သိန်း ၂၀ ဒဏ်ရိုက်လိုက်လို့ သိန်း ၂၀ ကြီးကတော့ လွန်ပါတယ်ကွာဆိုပြီး ပြောလိုက်တာ အဲ့တာကို (ပကဖ) က ကြားသွားတာနဲ့ အဲ့လိုပြောရမလားဆိုပြီး ခေါ်ရိုက်တာ ပွိုင့်ဖိနပ်တွေနဲ့ မျက်နှာတွေပါ အကုန်ဆောင့်ကန်တာ”ဟု ဆိုသည်။
ရိုက်နှက်ခံရသူအမျိုးသားမှာ ဒယူးရွာအုပ်စုမှ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ပကဖ ရဲဘော်နှစ်ဦး၏ ရိုက်နှက်မှုကြောင့် မျက်နှာများဖူးယောင်ဒဏ်ရာများနှင့် ခေါင်းကွဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံကို မေးမြန်းကြည့်ရာ အမှုဖြစ်စဉ်ကို ၎င်းအနေဖြင့် မသိရှိရသေးကြောင်း ယခင်က အလားတူဖြစ်ခဲ့သည့်အမှုကိစ္စများကို တပ်စည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့သည့် အမှုများရှိခဲ့ကြောင်း ပြောဆိုပါသည်။
“ပြည်သူကလည်း ပြည်သူအပိုင်း စည်းကမ်းမလိုက်နာတာတွေရှိသလို ရဲဘော်ကလည်း ရဲဘော်အပိုင်းပေါ့ဗျား၊ ဒီကျင့်ဝတ် ဖောက်ဖျက်တာမျိုးတွေတော့ ဒါမြေပြင်မှာတော့ ရံဖန်ရံခါကြုံတွေ့ရစမြဲပါပဲဗျာ၊ အဲသလိုကိစ္စကတော့လေ။”ဟု ဖြေကြားသည်။
အလားတူ ဗန်းမောက်မြို့နယ် တောင်ပိုင်းတွင် ကုမ္ပဏီရွှေလုပ်ကွက်များ၌ ရွှေဆင်းတူးသော ပြည်သူများလည်း ရွှေကျင်းခိုးတူးမှုဖြင့် ဖမ်းဆီးရိုက်နှက်ခံရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ကိုယ်တိုင်ခံခဲ့ရသူများ၏ ပြောပြချက်အရ Kachinwaves က သိရှိထားပါသည်။