မော်လူးတိုက်နယ်တွင်၊ ရိုက်သတ်ခံထားရသည့် အလောင်းတစ်လောင်းတွေ့
14 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးဒေသ ကိုးတိုက်နယ် ဒီပင်္ကရာဘုရားပေါ်တွင် ရိုက်သတ်ခံထားရသည့် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မော်လူးဒေသခံများထံမှ သိရသည်။
အသတ်ခံထားရသူမှာ သူရောင်းရွာမှ အသက် ၃၅ နှစ်အရွယ် ကိုဇော်နိုင် (ခ) ဖိုးချစ် ဖြစ်ပြီး အလောင်းကို ယနေ့ နံနက် ၉ နာရီတွင် ငှက်ပစ်ထွက်သည့် ကလေးများတွေ့ရှိခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူထံသူမှ သိရသည်။
မှော်ထဲတွင်အလုပ်လုပ်ကာ ၎င်းတို့၏ရွာတွင် ရှင်ပြုပွဲအလှူရှိ၍ ရွာပြန်လာစဉ် အသတ်ခံရသည်ဟု ၎င်းနီးစပ်သူက ပြောသည်။
“ကောင်လေးက ရိုးရိုးအေးအေးလေး အိမ်ထောင်လည်းမရှိဘူး။ ရန်ငြိုးရန်စလည်း မရှိသလို အရက်လည်း မသောက်တတ်ပါဘူး။ မနေ့က ရှင်ပွဲရှိလို့ ရွာကိုပြန်လာတာ မနေ့ည ည ၈ နာရီလောက်တုန်းကတောင် အိမ်မှာရှိသေးတယ် ပြီးတော့ ပြန်ထွက်သွားလိုက်တာ အခုကျတော့ အသတ်ခံလိုက်ရတယ်တဲ့ ယုံတောင်မယုံနိုင်လိုက်ဘူး။”ဟု ဆိုသည်။
အသတ်ခံထားရသူမှာ မျက်နှာဖူးယောင်နှင့် ဦးခေါင်းနောက်စေ့ကွဲ ဒဏ်ရာများ ရရှိထားပြီး မည်သူမည်ဝါက သတ်သွားကြောင်းကို ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)မှ စုံစမ်းနေကြောင်း သိရသည်။
၎င်း၏ ရုပ်အလောင်းအား ရွာပြင်သုဿန်တွင် ထားရှိကာ မနက်ဖြန်နံနက်တွင် မြေမြုပ် သင်္ဂြိုလ်မည်ဖြစ်ကြောင်း ထပ်သိရသည်။
မော်လူးတိုက်နယ်သည် အင်းတော်မြို့နယ်တွင်ပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။