လူငယ်တွေကိုလမ်းပျောက်စေပြီး၊ လူသားဖြစ်ခွင့် ဆုံးရှုံးစေတဲ့ စစ်မှုထမ်းဥပဒေ
20 February 2024 – Kachinwaves
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း မြစ်ကြီးနားမြို့ပေါ်မှာ နေ့ရောညရော ပေါ်တာဆွဲခံရတယ်ဆိုတဲ့ သတင်းတွေလည်း သိသိသာသာ ပြန့်နှံ့လာနေပါတယ်။
အခုလိုစစ်ကောင်စီ အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာမန်လူငယ်အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြား၊ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား ၂ နှစ်စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တစ်ခုခုကိုတတ်ကျွမ်းသူတွေနဲ့ အခြားအတတ်ပညာ တစ်ခုခုနဲ့ အသက်မွေးဝမ်းကြောင်းပြုသူ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အကြား၊ အမျိုးသမီးတွေဟာ ၁၈ နှစ်ကနေ ၃၅ နှစ်အကြား၊ ၃ နှစ် စစ်မှုထမ်းရမယ့် ဥပဒေဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် အရေးပေါ်ကာလဖြစ်နေရင် ၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့လည်း ဆိုပါတယ်။