အင်းတော် မဲဇာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွား
31 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မဲဇာစံပြကျေးရွာရှိ မဲဇာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း အင်းတော်မြို့နယ် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၃၀ ရက်) ညနေပိုင်းအချိန်တွင် ရဲစခန်းမှ စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၃၀ ကျော်သည် စခန်းကိုစွန့်ခွာသွားကြောင်း အင်းတော်မြို့နယ်ရှိ ပကဖ ရဲဘော်တစ်ဦး ပြောသည်။
“အင်းတော်ကနေ စစ်ကြောင်းက မဲဇာတိုက်နယ် ဟင်းနုမြှောက်ရွာနားအထိ ထိုးလာတာ အဲ့စစ်ကြောင်းကို အားလုံးက အာရုံစိုက်နေချိန် ဒီကကောင်တွေက လစ်ထွက်သွားကြတော့တာ၊ အင်းတော်ရောက်မှပဲ သိလိုက်တော့တာ”ဟု ရဲဘော်တစ်ဦးက ဆိုသည်။
စခန်းစွန့်ခွါသည့် စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်မြို့မှ ထွက်လာသည့် အင်အား ၇၀ ခန့်ရှိသည့် တပ်မ ၇၇ လက်အောက်ခံစစ်ကြောင်းက မဲဇာရွာအရှေ့ဘက်ရှိ ဟဲနုမြောက်ရွာထိ လာကြိုသွားခြင်းဖြစ်ကြောင်း ၎င်းရဲဘော်မှ ဆက်ပြောသည်။
ယခုညနေပိုင်းအချိန်တွင် မဲဇာရဲစခန်းအား ဒေသခံတော်လှန်ရေးအဖွဲ့များမှ စစ်ဆေးနေချိန် အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မဲဇာစာသင်ကျောင်းရှေ့နှင့် အလယ်ဆိပ်ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အလယ်ဆိပ်ရွာမှ နွားနှစ်ကောင် သေဆုံးခဲ့ကြောင်းလည်း သိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့တွင် အင်းတော်မြို့နယ် မော်လူးရဲစခန်းအား တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ပြီးနောက် ၁၇ ရက်အကြာတွင် မဲဇာရဲစခန်းမှ စခန်းစွန့်ခွာ ထွက်ပြေးခဲ့သည်။
“မော်လူးစခန်းသိမ်းပြီးတော့ မဲဇာကကောင်တွေ ဟင်းတွေတောင်ထွက် မဝယ်ရဲတော့ဘူး။ စခန်းထဲမှာတောင် ရှိလို့ရှိမှန်း မသိသာဘူး။ အထဲမှာပဲ ငြိမ်လို့နေနေကြတာ။”ဟု မဲဇာဒေသခံတစ်ဦး ပြောသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မဲဇာရဲစခန်းနှင့် အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မဲဇာကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရ အမျိုးသမီးတစ်ဦးမှာ ခြေတောက်ဖြတ်တောက်ခဲ့ရသည်။