ထီးချိုင့်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
31 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်ယောက်ျားလေး တစ်ဦးသေဆုံးခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း Tigyaing Revolution- TR အဖွဲ့ထံမှ သိရသည်။
ထီးချိုင့်မြို့မှ ၇ မိုင်ကျော်အကွာရှိ ကံပေါက်ရွာကို နေ့လယ်နှစ်နာရီခွဲအချိန်တွင် တံတားဦးဘက်မှ တက်လာသော Jet fighter (ဂျက်တိုက်လေယာဉ်) တစ်စင်းဖြင့် ၂ ကြိမ်ကြဲချခဲ့ကြောင်း TR အဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
“မိဘတွေ လယ်ထဲသွားနေတဲ့အချိန် ဖြစ်သွားတာ အဲ့အိမ်တည့်တည့်ကိုပဲ ကျရောက်ပေါက်ကွဲခဲ့တာ ကလေးတစ်ယောက်တော့ ထိသွားတယ်။”ဟု ၎င်းမှ ဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အလယ်တောကျေးရွာနှင့် ဘိုတဲကုန်းကျေးရွာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပါသေးသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များမှ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ယခုလက်ရှိတွင် တိုက်ပွဲများဆိုင်ငံ့ထားပေမဲ့ စစ်ကောင်စီမှလေကြောင့်နှင့် ဒရုန်းများဖြင့် ဗုံးကြဲခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။