နမ့်ဖတ်ကာ ခလရ (၁၂၃) စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်၊ ဆက်လက်၍ ဗျူဟာကုန်းကိုလည်း တိုက်ခိုက်နေ
30 December 2023 – Kachinwaves
ကချင်လွတ်မြောက်ရေးတပ် (KIA)မှ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးရှိ ခလရ (၁၂၃) စခန်းကို ယနေ့နံနက်တွင် သိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။
KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စခန်းသိမ်းလိုက်နိုင်ကြောင်း အတည်မပြုနိုင်သေးသော်လည်း သိမ်းပိုက်နိုင်မည်ဟု ထင်မြင်မိကြောင်း ဆိုသည်။
ဆက်သွယ်ရေးအခက်အခဲများကြောင့် အသေးစိတ်အခြေအနေကို ပြောဆို၍မရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“အတည်ပြုပေးလို့တော့ မရဘူး။ ဆိုရှယ်မီဒီယာမှာ တက်နေတာတော့တွေ့ပါတယ်။ အဓိကကတော့ ကျွန်တော်ထင်တာပေါ့လေ ၁၂၃ စခန်းကိုတော့ သိမ်းလို့ရမယ်လို့ ထင်ပါတယ်”
နမ့်ဖတ်ကာကျေးရွာအခြေစိုက် ခလရ (၁၂၃) စခန်းကို ယမန်နေ့ (ဒီဇင်ဘာ ၂၉ ရက်)၊ နံနက် ၆ နာရီကစပြီး စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းဖြင့် ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
ခလရ (၁၂၃) စခန်းအပြင် KIA က နမ့်ဖတ်ကာ – ကွတ်ခိုင်ကြားရှိ စစ်ကောင်စီဗျူဟာကုန်းတစ်ခုကိုလည်း တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အရင်တိုက်တာက ၁၂၃ စခန်းကုန်းတွေကို တိုက်တာလို့ ကြားရတယ်။ အဲ့တာရတယ်လို့လည်းပြောတယ်။ confirm (အတည်ပြုလို့)တော့ မရဘူး။ ဗျူဟာကုန်းဘက်ကို ပြန်ဆက်တိုက်နေတယ်ဆိုတာတော့ ကြားပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ သေသေချာချာဆိုတာကတော့ အဆက်အသွယ် မရသေးလို့ပါ”
KIA တိုက်ခိုက်သည့် နမ့်ဖတ်ကာအခြေစိုက်စခန်းသည် အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်လေ့ရှိသည့်စခန်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ယင်းတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာအပါအဝင် အနီးအနားကျေးရွာမှ အရပ်သား ၁၆ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။