ရွှေဘိုမြို့နယ် မြင်းခြင်းပျူရွာအား တော်လှန်ရေးအဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်
25 December 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီအင်အား ၃၀ ဖြင့် တပ်အထိုင်ချထားသော မြင်းခြင်းပျူကျေးရွာအား တော်လှန်ရေးအဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
ရွှေဘိုခရိုင် အမှတ်၂၆ တပ်ရင်းမှ တပ်ရင်းမှူး ပီလွန်ဦးစီးပြီး တပ်ရင်းတပ်ခွဲ (MDF SHWEBO)အဖွဲ့ နှင့်ရွှေဘိုခရိုင် အမှတ်(၁၅)(၁၇)၊ (၁၈) အဖွဲမှ နံနက် ၃ နာရီအချိန်တွင် စတင်တိုက်ခိုက်ရာ နယ်မြေခံကာကွယ်ရေးအဖွဲ့များမှ လမ်းပိုင်းဖြတ်တောက်မှုကူညီပေးခဲ့ပြီး နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးမှပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရဲတပ်သား၁ဦးနှင့် ပျူစောထီး ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်သားတစ်ချို့မှာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း ၎င်းမှဆက်ပြောသည်။
တော်လှန်ရေးအဖွဲ့မှလည်း ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီထံမှကာပိုင်သေနတ် ၁ လက် ၉ လုံးကျည် (တစ်ထောင့်ထိုး ၅ လက်)ရရှိခဲ့ပြီး ဘန်ကာများအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် သီးလုံးရွာနှင့် ဇီးကုန်းလေး ပြည်သူ့စစ် (ပျူစောထီး)ရွာရှိ စစ်ကောင်စီအထိုင်စခန်းများမှ မြင်းခြင်းပျူရွာသို့ ၆၀ မမ၊ ၈၁ မမများဖြင့် ရွာထဲသို့ ပစ်ခတ်ခဲ့သောကြောင့် ၎င်းရွာရှိ ပြည်သူ ၆၀ ဦးခန့်အား ဘေးလွတ်ရာသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။