စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာတွင် စကစ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး၊ ဆယ်ဦးဒဏ်ရာရ
22 December 2023 – Kachinwaves
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာကို ယမန်နေ့က စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် အရပ်သားတစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်ရှိ သရောင်းကျေးရွာကို ယမန်နေ့ညနေပိုင်းက ဟုမ္မလင်းလေတပ်မှ ထွက်ခွာလာသည့် MI-2 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဟုမ္မလင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
သရောင်းကျေးရွာအတွင်း အရပ်သားများ သွားလာလှုပ်ရှားနေသည့် ဘောလုံးကွင်း၊ ကားကြီးကွင်း၊ ဈေးပတ်ဝန်းကျင်၊ မြစ်ကမ်းနားလမ်း စသည့်နေရာများတွင် ရဟတ်ယာဉ်ပေါ်မှ ဗုံးသီး ၁၃ လုံးချခဲ့ရာ အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး ၉ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့သည်။
သေဆုံးသူမှာအသက် ၃၂ နှစ်အရွယ် ကားဆရာဦးကျော်စိုးဆိုသူဖြစ်ပြီး ကိုအောင်ထက်မိုး၊ ဦးကံမြင့်၊ ဦးထွန်းထွန်းမင်း၊ ဦးကျော်ဇင်ထက်၊ ဦးဟဲမောင်၊ မကံကောင်းမေ၊ ဒေါ်စန်းအေး၊ ဒေါ်ဆွေဆွေအေး၊ ဒေါ်မျိုးမျိုးဝင်းတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသအခေါ် ကမ်းနားလမ်းနှင့် စာသင်တိုက်လမ်းမှ အရပ်သားနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့သည်။
စစ်ကောင်စီသည် ဒီဇင်ဘာ တတိယပတ်အတွင်း ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်ရှိ အရပ်သားနေထိုင်သည့် နေရာများကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊ သုတိဿာကျေးရွာရှိ စစ်ရှောင်သူများနေထိုင်သည့် ဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲသည့်အတွက် စစ်ရှောင်ပြည်သူ ၆ ဦး သေဆုံးခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဟုမ္မလင် – ဖောင်းပြင်လမ်းပိုင်းရှိ အနောက်ခမိုင်းနှင့် အရှေ့ခမိုင်းကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး ၎င်း၏အမဖြစ်သူလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ နောက်တစ်နေ့တွင် သေဆုံးကလေးငယ်၏ နာရေးပြုလုပ်နေစဉ် လေကြောင်းဖြင့် ထပ်မံပစ်ခတ်ပြန်ရာ နာရေးလာသူအရပ်သားများ ထိခိုက်ခံရပြီး ဒေသခံနေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။