အင်ခါးဂါးရွာက တပ်စခန်းကို စကစ က စွန့်ခွာသွား၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆွန်ဒူရွာသားများ ထိခိုက်သေဆုံးမှုရှိ
19 December 2023 – Kachinwaves
မြစ်ကြီးနားမြို့နယ် ဆွန်ဒူရွာတွင် စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ညအချိန် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
သေဆုံးသွားသူနှစ်ဦးမှာ ဖခင်ဖြစ်သူနှင့် သမီးဖြစ်သူတို့ သားအဖနှစ်ဦးဖြစ်ကြောင်း သိရသည်။
KIO ပြန်ကြားရေးသတင်းရင်းမြစ်ကတော့ ဘုန်းကြီးတစ်ပါးအပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းဖော်ပြထားသည်။
ထို့အပြင် ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် အင်ခါးဂါးကျေးရွာ၌ စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်က စခန်းနေရာမှ တိုက်ပွဲမဖြစ်ဘဲ စွန့်ခွာသွားကြောင်းလည်း KIO ပြန်ကြားရေးက သတင်းဖော်ပြထားသည်။
KIA အမှတ် (၇) တပ်ရင်းမှ ၎င်းစစ်ကောင်စီတပ်စခန်းအား သွားရောက်တိုက်ခိုက်ရန် ချဉ်းကပ်မှုပြုလာသည့် သတင်းကြောင့် ဆုတ်ခွာသွားခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
မချမ်းဘော့မြို့နယ် အင်ခါးဂါးကျေးရွာတွင် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ နှင့် ၂၉ ရက်နေ့၌ KIA နှင့် စစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အင်ခါးဂါးကျေးရွာပြည်သူများနှင့် အနီးအနားရှိ အင်ဖီယန်၊ ဖာကန်ယန်၊ ဂနိုင်ယန်ကျေးရွာများမှ ပြည်သူ ၁၅၀ ဦးခန့်သည် ပူတာအိုနှင့် မချမ်းဘော့မြို့သို့ စစ်ဘေးရှောင်ခဲ့ရသည်။ ထိုအချိန်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အင်ခါးဂါးကျေးရွာ ပြည်သူအချို့ စစ်တပ်၏ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသလို သတ်ဖြတ်ခံရသူများလည်း ရှိခဲ့သည်။ ဖမ်းဆီးနှိပ်စက်ခံရသူများတွင် သင်းအုပ်ဆရာတစ်ပါးလည်း ပါဝင်ခဲ့သည်။