ညီနောင်မဟာမိတ် (၃) ဖွဲ့ KIA နှင့် တော်လှန်ရေးတပ်ဖွဲ့များ ဒေသအသီးသီး၌ စကစ စခန်းများကို သိမ်းပိုက်နေဆဲ
13 November 2023 – Kachinwaves
စစ်ဆင်ရေး ၁၈ ရက်အတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၄၁ ခုကို သိမ်းပိုက်နိုင်ခ့ဲပြီ ဖြစ်ကြောင်း ကိုးကန့်မီဒီယာက ထုတ်ပြန်သည်။
ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် ကုန်းကြမ်းမြို့နယ်ရှိ ရှောက်ကိုင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း The Kokang မီဒီယာတွင် ဖော်ပြထားသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တက္ကနိုင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း KIA အမှတ် ၉ တပ်ရင်းမှ သွားရောက်တိုက်ခိုက်ခ့ဲရာ ယနေ့ နေ့လယ်ပိုင်းက စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်အရ သိရသည်။
အောက်တိုဘာ ၂၇ ရက်နေ့၌ ညီနောင်မဟာမိတ် (၃) ဖွဲ့ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” သည် ယနေ့ ၁၈ ရက်မြောက်ေန့ပြည့်ပြီဖြစ်သည်။ ယနေ့ နံနက်မှစပြီး မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် (AA) ရခိုင်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတကျော့ပြန်ဖြစ်လာရာ စစ်ကောင်စီတပ်စခန်း ၂ ခု သိမ်းပိုက်ခံရကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း တပ်စခန်းပေါင်း တစ်ရာကျော် လက်လွှတ်ခဲ့ရသော စစ်ကောင်စီသည် ရှမ်းပြည်နယ်မှ ၈ မြို့နယ်ကို ယမန်နေ့က စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။